ကျွန်မမိတ်ဆွေတစ်ယောက်ရဲ့ မိခင်ကြီးဟာ အသက် ၉၄ နှစ်တဲ့။ အိမ်ထဲမှာ လေးချောင်းထောက်ကလေးနဲ့ လှုပ်စိလေး လျှောက်သွားနေတုန်းပဲ။
ကျွန်မတို့လင်မယား တစ်ခါသွားတော့ သူ့အခန်းထဲကနေ ပြုံးရွှင်စွာထွက်လာတယ်။ အုန်းနို့ခေါက်ဆွဲစားမလို့တဲ့။ ကျွန်မတို့ကိုတွေ့တော့လည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အိုအောင်မင်းအောင်ပေါင်းရပါစေ စသည်ဖြင့် ဆုတွေပေးလိုက်တာ မပြောပါနဲ့။
ပြီးတော့ သူဖတ်နေတဲ့ စာအုပ်အထူကြီးကိုပြတယ်။
ပါချုပ်ဆရာတော်ရဲ့စာအုပ်ကြီးပဲ။ သုံးပတ်နဲ့ ပြီးအောင် ဖတ်လိုက်ပါတယ်တဲ့။
ကျွန်မတို့လည်း အဖွားနဲ့တွေ့ရတာ စိတ်ချမ်းသာ ပျော်ရွှင်ပြီး အိမ်ပြန်လာခဲ့ကြတယ်။
သားမက်လုပ်တဲ့သူတောင် ဆုံးရှာပြီ။ အဲဒီအဖွားကတော့ သတိတွေကောင်းသေးတယ်။ ရောဂါကြီးကြီးမားမားမရှိဘူး။ အသက်ရှည်ရှည်နေရတယ်။ ဒီလိုအခြေအနေမျိုးမှာ သားသမီးတွေရဲ့ ပြုစုစောင့်ရှောက်မှုကိုလည်း ခံရတယ်ဆိုတာ လူတိုင်းလိုချင်တဲ့ ဆုတစ်ခုပဲမဟုတ်လား။
ဘယ်သူမဆို ဒီလိုအိုသွားချင်ကြတာပဲလေ။ ကျွန်မမှာလည်း ဒီလိုမျှော်လင့်ချက်ကလေးတွေရှိနေခဲ့တာပါပဲ။
ကျွန်မမွေးလရောက်တိုင်း ကျန်းမာရေးစစ်ဆေးမှုတွေ တစ်နှစ်တစ်ခါ ပုံမှန်လုပ်ပါတယ်။ စစ်လို့ရတာမှန်သမျှ အကုန်စစ်လိုက်တာပဲပေါ့။ မိတ်ဆွေတွေကိုလည်း ဆေးစစ်ဖို့ ကျွန်မအမြဲတမ်း တိုက်တွန်းလေ့ရှိပါတယ်။
ဒါပေမဲ့ စစ်လို့မရတဲ့နေရာတွေလည်း ကိုယ်ထဲမှာ အများကြီးကျန်နေသေးတာပဲလို့ တွေးမိပါတယ်။
ပြောရမယ်ဆိုရင် ပျက်မှာသေချာနေတာကြီးတစ်ခုကို အပျက်နည်းနည်းသက်သာသွားအောင် ပြင်သုံးနေရတာနဲ့တူနေပါတယ်။
တကယ်တော့ ဘာတွေ ဘယ်လိုစစ်စစ် အာမခံချက်ရှိတယ်တော့လည်း မဟုတ်ပါဘူး။ ကျွန်မတို့ လုပ်လို့များရမလားလို့ အို၊ နာ၊ သေဘေးကို ကန်ကြည့်ချင်တဲ့သဘောပါပဲ။
မလုပ်ဘဲနေလို့ရလားဆိုတော့လည်း မရဘူးလေ။ အခုပဲ အရင်က ဘာမှမရှိတဲ့နေရာမှာ ရှိလာတာလေးတစ်ခုပေါ်လာတာကို တွေ့ရတယ်။
ဆရာဝန်က နောက်ခြောက်လစောင့်ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ ပြောလိုက်တယ်။ ကိုယ်လည်း နားမလည်တဲ့အရာဆိုတော့ သူပြောသလို စောင့်ပဲ ကြည့်ရမှာပေါ့လေ။
ဆေးရုံမှာ ဆေးသွားစစ်တဲ့အခါ တရားရစရာတွေ အများကြီးပေါ်လာခဲ့တော့တာပဲ။
ကြားဖူးတာတစ်ခုရှိသေးတယ်။ အဖေက ကင်ဆာဖြစ်ပါတယ်။ သားက ဆေးရုံမှာ လိုက်စောင့်ရင်း ရေချိုးခန်းထဲမှာ ဓာတ်လိုက်ပြီး သေပါသတဲ့။
ဒါပါပဲ။ လောကကြီးရဲ့နေ့ရက်တိုင်းဟာ မထင်မှတ်တဲ့ Surprises အံသြဖွယ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
မိဘက မဆုံးသေးဘူး။ သားသမီးက အရင်ဆုံးသွားတယ်။ ရောဂါခံစားနေရတဲ့သူက ဘာမှမဖြစ်သေးဘူး။ ပြုစုပေးနေတဲ့သူက အရင်ကွယ်လွန်တယ်။
ဆေးတွေတချိန်လုံးစစ်နေတဲ့သူဟာ မထင်မှတ်တဲ့ရောဂါတွေ ပေါ်လာနိုင်သေးတယ်။ ဘာမှမစစ်တဲ့သူက ဘာရောဂါမှကို မဖြစ်ဘူးတဲ့။
ကျွန်မတို့ဟာ ပုံသေကားကျပဲ တွေးကြတယ်။ ဆေးစစ်တယ်ဆိုတာရဲ့နောက်မှာ အသက်ရှည်ရှည်နေ
ချင်တာ၊ ကျန်းမာချင်တာ၊ ရောဂါတွေကို လက်ဦးမှုယူချင်တာ စတဲ့ဆန္ဒတွေ မျှော်လင့်ချက်တွေ ပါနေခဲ့တာပဲ။
အသက် ၉၄ နှစ်အဖွားလို ဖြစ်ချင်လည်း ဖြစ်မယ်။
မဖြစ်ချင်လည်း မဖြစ်ဘူး။
သူများဖြစ်တိုင်းလည်း ကိုယ်မဖြစ်ဘူး။ သူများမဖြစ်တာတွေလည်း ကိုယ်ဖြစ်ချင်ဖြစ်လိမ့်မှာပါပဲ။ ဒါပေမဲ့ ဖြစ်ခါမှ ဖြစ်ရောပဲ။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နိုင်သလောက်တော့ လုပ်နေရမှာပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လောကကြီးထဲမှာ ကျင်လည် နေရသရွေ့ လူသားတွေဟာ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေကို တတ်နိုင်သမျှတော့ အံတုနေကြဦးမှာပါပဲ။
ဒါဟာ လူတစ်ယောက်ရဲ့ မာန်ဖြစ်နေတာကိုး။
အတက်တွေမှာ ပျော်ရွှင်နိုင်ခဲ့တယ်ဆိုရင် အကျတွေကိုလည်း ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ ပျော်ရတာဖြစ်ဖြစ်၊ ဝမ်းနည်းရတာဖြစ်ဖြစ် မတုန်လှုပ်ဘဲ နေနိုင်တာ မဂ်လာတစ်ခုပါပဲ။
လောကဓံ မတုန်လှုပ် မင်္ဂလာလေ။
အိုခြင်း နာခြင်း သေခြင်း အစရှိတဲ့ ဆင်းရဲတွေကို ကုစားနိုင်တဲ့ မမှားသော ဆေးကလည်း တစ်ခုပဲ ရှိပါတယ်။
အဲဒါကတော့ တရားရှုမှတ်ခြင်းပါပဲ။
ကျွန်မကတော့ နေ့စဥ်တရားထိုင်ပါတယ်။
မွန်ဟော်စီ
၂၀၂၀ ဇူလိုင်
Comments