top of page
Search

အိမ်တိုင်းမှာ မိသားစုပြဿနာတွေဆိုတာ




တစ်ရက်က မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ သူ့သမီးလေးအကြောင်းပြောပြပါတယ်။ စာမေးပွဲကြေးတွေအများကြီးသွင်းထားပေးပေမယ့် စာမေးပွဲကိုကောင်းကောင်းလည်းမဖြေဘူး။ ဖြေနိုင်သလားလို့မေးတော့လည်း မသိဘူးလို့ပြောတဲ့အတွက် အမေကစိတ်ထိခိုက်ပြီး ငိုတောင်ငိုရတယ်လို့ ပြောပါတယ်။ သားအမိတွေ ကတောက်ကဆတ် စကားများကြရတယ်ပေါ့။


အိမ်တိုင်းမှာ မိသားစုပြဿနာတွေဆိုတာရှိပါတယ်။


အစ်မလုပ်တဲ့သူက မောင်ဖြစ်တဲ့သူကို ဘယ်အချိန်ပြန်လာမှာလဲ၊ ဘယ်နားရောက်နေပြီလဲ အစရှိသဖြင့် ခဏခဏ ဖုန်းဆက်မေးမြန်းနေတဲ့အခါ တစ်ဖက်က သူ့ကိုမယုံလို့လား။ စိတ်လွတ်လပ်မှုမရှိဘူး။ သူပြန်လာတဲ့အချိန်ဟာ သူပြန်ရောက်တဲ့အချိန်ပဲ အစရှိသဖြင့် စကားများကြတော့တာပါပဲ။


မိသားစုအတွင်းမှာ ဒီလိုပုံစံနဲ့မပြေမလည်ဖြစ်ကြတာတွေဟာ ခဏခဏဖြစ်လာတယ်ဆိုရင် နောက်ဆုံးမိသားစုအတွင်းမှာ ဆက်ဆံရေးတွေအေးစက်သွားတတ်တယ်။ အက်ကွဲကြောင်းတွေပေါ်လာတတ်တယ်။ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကြတာပါပဲ။


ဘာပြောပြောနားလည်မှုတွေလွဲပြီး ရန်ဖြစ်နေကြတဲ့သားအမိတွေလည်းတွေ့ဖူးပါတယ်။ လူကြီးကလည်း ကောင်းစေချင်လို့ပြောတာပါပဲ။ ဒါပေမယ့်သူ့စေတနာမှာအပူတွေပါနေတော့ အဆင်မပြေဘူးဖြစ်လာရတယ်။မိဘတွေရဲ့ စိတ်မှာ သားသမီးတွေ အကောင်းဆုံးဖြစ်ဖို့ကြိုးစားရင်း သူတို့ကို ချုပ်ချယ်တာ၊ ထိန်းချုပ်တာ၊ တားမြစ်တာတွေ ဖြစ်လာပါတယ်။ မချစ်လို့မဟုတ်ဘဲ၊ ချစ်လွန်းလို့ ဖြစ်ရတာပါ။


ဒါပေမဲ့ လူငယ်ကလည်း ဖိအားတွေပေးတယ်လို့ခံစားနေရတာ၊ သူ့ကိုပဲအပြစ်ပြောနေတယ်၊ ဘာလုပ်လုပ်ကိုမကျေနပ်ဘူးလို့ ဝမ်းနည်းနေမိတာ လည်းဖြစ်လာပါတယ်။ 


မိသားစုပြဿနာဆိုတာ အင်မတန်နူးညံ့သိမ်မွေ့ပါတယ်။ မုန်းတီးတဲ့စိတ်၊ ရန်လိုတဲ့စိတ်တွေကြောင့် ဖြစ်လာတဲ့ပြဿနာတွေက ရှင်းရခက်ခဲတဲ့အရာတွေလို့မြင်ကြတယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာပေါ် အခြေခံလာတဲ့ပြဿနာတွေက အကြီးမားဆုံးနဲ့ဖြေရှင်းရအခက်ဆုံးပြဿနာတွေပါပဲ။ 


ချစ်တဲ့စိတ်အရင်းခံပြီး ကောင်းစေချင်တဲ့အတွက်ကြောင့် တစ်ဖက်လူအပေါ်မှာ ချုပ်ချယ်တာတွေ၊ တားမြစ်တာတွေ၊ ဖိအားပေးတာတွေ တစ်မျိုးပြီးတစ်မျိုးလုပ်မိသလို ဖြစ်လာကြရတယ်။တချို့မိသားစုပြဿနာတွေဟာ အချင်းချင်း မချစ်လို့မဟုတ်ဘဲ ချစ်လွန်းလို့ဖြစ်လာတဲ့ပြဿနာတွေဆိုတာ သဘောပေါက်ရမှာဖြစ်ပါတယ်။


မိသားစုအတွင်းက ချစ်ခြင်းမေတ္တာက အရင်းခံနေတဲ့ပြဿနာလေးတွေ၊ အငြင်းပွားမှုတွေအတွက် အပြန်အလှန် နားလည်မှုနဲ့ ရင်းနှီးနွေးထွေးစွာ အတူတူဖြေရှင်းကြဖို့ နည်းလမ်းလေးတွေရှိပါတယ်။



နားထောင်ပေးပါ


မိသားစုမှာ ဘယ်အရာပဲဖြစ်ဖြစ်၊ တစ်ယောက်နဲ့တစ်ယောက်နားလည်ဖို့ အရေးကြီးပါတယ်။ အချိန်ယူပြီး မိသားစုဝင်တစ်ဦးချင်းစီရဲ့ ခံစားချက်တွေကို သဘောပေါက်အောင်နားထောင်ပါ။ လူတွေအတော်များများဟာ နားမထောင်တတ်ကြပါဘူး။ သူ့ခံစားချက်ကိုနားလည်ဖို့ နားထောင်တာထက် သူ့ကိုဘယ်လိုပြန်ပြောရမလဲလို့ စဉ်းစားရင်း နားထောင်နေတတ်ကြတာများပါတယ်။ ဒီအချက်ကအရေးကြီးပါတယ်။ ဒီလိုပုံစံနဲ့နားထောင်နေတော့ သူ့ရဲ့ခံစားချက်ကို နားလည်ဖို့ဝေးကွာသွားရပါတယ်။ တစ်ဖက်လူရဲ့ခံစားချက်တွေကို အပြည့်အဝနားလည်ဖို့ ကြိုးစားကြည့်ပါ။ ဒီလိုနဲ့ပဲ ကျေးဇူးတင်တဲ့စကားလေးတွေ၊ ချစ်ခြင်းနဲ့ပြောဆိုမှုတွေက တကယ့်တန်ဖိုးရှိတဲ့ဆက်ဆံရေးတွေကို တည်ဆောက်ပေးပါတယ်။



သည်းခံမှုနဲ့ အပြန်အလှန်လေးစားခြင်း


ချစ်ခြင်းမေတ္တာဆိုတာ သည်းခံစိတ်နဲ့ဆက်စပ်ဖို့လိုတဲ့အရာပါ။ မိသားစုတွင်းမှာ တစ်ဖက်က ကြိုက်နှစ်သက်တာနဲ့ ကိုယ့်ဆန္ဒဟာ အမြဲတမ်းတူမနေနိုင်ပါဘူး။ မတူညီတဲ့အရာတွေကို မကြိုက်နှစ်သက်ဘူး။ မလေးစားတတ်ဘူးဆိုရင်တောင်မှ အသိအမှတ်ပြုပေးဖို့တော့လိုပါတယ်။ ကိုယ်မွေးထားပေမယ့် သူ့ပုံစံကဒီအတိုင်းပဲ။ ကိုယ်ပြုပြင်ပေးပေမယ့် သူလိုက်နိုင်တဲ့အတိုင်းအတာအထိပဲလိုက်လာလိမ့်မယ်။ ကိုယ်မကြိုက်တာတွေလည်း သူ့ဆီမှာရှိနေတာပဲ။ သူမကြိုက်တာတွေလည်း ကိုယ့်ဆီမှာရှိနေတာပဲ။ ကိုယ်ကဘယ်လောက်ပြောပြော ကိုယ်ဖြစ်စေချင်တဲ့အတိုင်းသူဖြစ်မလာတာဟာလည်း ကိုယ့်အပြစ်မဟုတ်ပါဘူး။ ကိုယ်အသုံးမကျလို့မဟုတ်ဘူး။ လူတွေမှာ ပြုပြင်ပြောင်းလဲလို့မရတဲ့ မွေးရာပါဗီဇစရိုက်တွေရှိတယ်ဆိုတာလေး လက်ခံရမှာဖြစ်တယ်။ ကိုယ်နဲ့အကုန်လုံးနီးစပ်စွာတူညီဖို့ ကြိုးစားနေတာထက် သူ့ရဲ့ပုံစံကိုလက်ခံပေးလိုက်တာက ငြိမ်းချမ်းမှုကိုရစေပါတယ်။

  


တာဝန်ကျေပွန်မှု


မိသားစုမှာ ကိုယ့်တာဝန်ကိုယူတတ်ဖို့လိုပါတယ်။ မိဘကစီးပွားရှာတဲ့တာဝန်ကို ကောင်းကောင်းယူထားတယ်ဆိုရင် သားသမီးကလည်း စာကျက်ဖို့တာဝန်ကိုယူရမှာပါ။ ကိုယ့်အလုပ်ကိုအကောင်းဆုံးလုပ်နေကြတယ်ဆိုရင် ဘယ်သူကမှ ဘယ်သူ့အတွက် စိတ်ပူနေစရာ၊ စိတ်တိုနေစရာအကြောင်းမရှိတော့ပါဘူး။ ယောက်ျားကလည်း ယောကျာ်းအလုပ်လုပ်တယ်။ မိန်းမကလည်းမိန်းမအလုပ်လုပ်တယ်။ သားသမီးကလည်းသားသမီးအလုပ်လုပ်တယ်။ မိသားစုအတွင်းမှာ ကိုယ်နဲ့သက်ဆိုင်တဲ့အလုပ်တွေ၊ တာဝန်တွေကို သေချာလုပ်ရင် တစ်ယောက်ကိုတစ်ယောက် ကူညီရာရောက်ပြီး အခက်အခဲတွေကို အတူတူဖြေရှင်းနိုင်မှာပါ။



 မျှော်လင့်ချက်တွေကို လွှတ်ချလိုက်ပါ


ကောင်းစေချင်လို့ပြုပြင်ပေးတယ်။ ပြောဆိုမိတယ်ဆိုတာမှန်ပေမယ့် ဒါဟာ သူ့အပေါ် အတိုင်းအတာတစ်ခုအထိပဲ သက်ရောက်မှုရှိတယ်ဆိုတာကို သဘောပေါက်နားလည်ထားရမှာဖြစ်ပါတယ်။ ကိုယ့်ကလေးပဲဖြစ်ဖြစ် ၊ကိုယ့်မိဘပဲဖြစ်ဖြစ်၊ ကိုယ့်မောင်နှမပဲဖြစ်ဖြစ် ၊ကိုယ့်ရဲ့ချစ်သူရည်းစားလက်တွဲဖော်ပဲဖြစ်ဖြစ် ကိုယ်ဟာကိုယ် ၊သူဟာသူပဲမို့ အရာအားလုံးထပ်တူကျဖို့ကိုမမျှော်လင့်ပါနဲ့။ ကိုယ်လုပ်နိုင်သလောက်လုပ်ပေးပြီးပြီဆိုရင် ကျန်တာကသူ့အပိုင်းပဲဖြစ်ပါတယ်။ သူ့ဘဝရဲ့အနာဂတ်အထိ လိုက်ပါစိုးရိမ်လွှမ်းမိုးချုပ်ကိုင်ဖို့မဖြစ်နိုင်ပါဘူး။ ကံတရားကလည်းရှိသေးတာမို့ သူ့ကံအတိုင်းသွားမှာပါ။



 အတူတူအချိန်ဖြုန်းခြင်း


ဒီနေ့ခေတ်ဟာ အင်မတန်အလုပ်များကြတဲ့ခေတ်ဖြစ်ပါတယ်။ မိသားစုဝင်တွေ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းစုံဖို့တောင် သိပ်မလွယ်ကူကြတော့ပါဘူး။ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြတယ်။ ဒါပေမဲ့ အဲ့ဒီလိုအခြေအနေမှာပဲ အတူတူအချိန်ဖြုန်းတာ၊ ပျော်ရွှင်စရာ အမှတ်တရတွေ ဖန်တီးတာက သာယာတဲ့မိသားစုဘဝကို တည်ဆောက်နေတာပါပဲ။


မိသားစုတွေဟာ တန်ဖိုးထားအပ်တဲ့အသိုက်အမြုံလေးတွေပဲဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်မှ မပြိုကွဲသင့်တဲ့ ကမ္ဘာငယ်လေးတွေပဲဖြစ်ပါတယ်။ မိသားစုအတွင်းမှာ ချစ်ခြင်းမေတ္တာအခြေခံထားတဲ့ပြဿနာတွေကို လေးစားမှု၊ နားလည်မှုနဲ့ အတူတူဖြေရှင်းနိုင်ကြပါစေ။


မွန်ဟော်စီ

၂၀၂၄


14 views0 comments

コメント


bottom of page