top of page
Search

အကြောင်းအကျိုးတွေ တိုက်ဆိုင်လာတဲ့အချိန်မှာ ကိုယ်နဲ့တကယ်ထိုက်တန်တဲ့ ဘဝအဖော်မွန်ကို ပိုင်ဆိုင်လာရမှာပါ..

Updated: Jan 26



အခြေအနေတစ်ခုဖြစ်လာဖို့ တစ်လွှာချင်း တစ်ဆင့်ချင်း အချိန်ယူပြီးတော့ တည်ဆောက်ခဲ့ရပေမယ့် အဲဒီအခြေအနေတစ်ခု ဗြုန်းကနဲပြိုလဲပျက်စီးသွားဖို့က မျက်စိတစ်မှိတ် လက်တစ်ဖျစ်စာလောက်ပဲ ကြာတတ်ပါတယ်။ တချို့အခြေအနေတွေဟာ မယုံနိုင်စရာကောင်းလောက်အောင် မြန်မြန်ပဲ အဆုံးသတ်သွားတတ်ကြတယ်။


ကိုယ်မျှော်လင့်တဲ့အရာတစ်ခု ဖြစ်ပေါ်လာဖို့ ကြိုးစားဖန်တီးခဲ့ရာမှာ အချိန်တွေပါတယ်၊ ငွေတွေပါတယ်၊ စိတ်ခံစားမှုတွေပါတယ်၊ နှလုံးသားတွေပါတယ်၊ အနာဂတ်ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေပါတယ်။ အဲဒီအတွက် အချိန်နဲ့အမျှ အရာရာနဲ့ရင်းနှီးမြှုပ်နှံနေခဲ့တယ်။ သင့်ကိုယ်သင်မြင်ကြည့်မယ်ဆိုရင် သစ်သားတုံးလေးတွေ တစ်ခုချင်း ဆင့်ပြီး မျှော်စင်အမြင့်ကြီးဆောက်နေတဲ့ ကလေးလေးတစ်ယောက်လိုမြင်ရမှာပါ။


တည်ဆောက်ထားခဲ့တာတွေ အားလုံးပျက်စီးသွားဖို့က စကားလေးတစ်ခွန်းကြောင့်လည်းဖြစ်နိုင်တယ်။ နားလည်မှုလေးတစ်ခု လွဲတာနဲ့လည်းဖြစ်နိုင်တယ်။ နောက်ထပ်တစ်စုံတစ်ယောက်ကြောင့်လည်း ဖြစ်နိုင်တယ်။ မျှော်လင့်မထားတဲ့အခြေအနေမှာ လေတချက်ဝေ့လိုက်တာနဲ့ သစ်သားမျှော်စင်ကလေး တစ်စစီကျိုးပျက်သွားသလိုပဲပေါ့။ ရင်ကွဲပက်လက်ဖြစ်သွားရတယ်.. Heart Broken ဖြစ်သွားတယ်။


Relationship တွေမှာ အရင်းနှီးဆုံးလူကပဲ ကိုယ့်ကို သစ္စာဖောက်သွားတာ ..လိမ်ညာတာ ..ကိုယ့်အတိတ်ကအရှုပ်ထုပ်ကို မရှင်းနိုင်သေးဘဲနဲ့ ကိုယ်နဲ့လာပတ်သက်တာ.. ကိုယ့်အပေါ် မှာ ကစားသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။


ကိုယ့်ဘက်ကတော့ အနာဂတ်အစီအစဉ်တွေထဲအထိ သူ့ကိုထည့်ဆွဲပြီးတော့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ထင်သလိုမဖြစ်လာခဲ့ဘူး။


နှလုံးသားရေးရာနဲ့ပတ်သက်တဲ့အခါမှာ နာကျင်ခံစားရတတ်ပါတယ်။ ငါ့ကိုမှလုပ်ရက်လေခြင်းလို့ ယူကြုံးမရဖြစ်တတ်ကြတယ်။ ဘဝမှာ အခက်ခဲဆုံးသင်ခန်းစာကို ပေးတဲ့သူတွေဟာ အတော်ဆုံး ဆရာတွေဖြစ်ကြပါတယ်။ ဘယ်သူပြောခဲ့မှန်းမသိပေမယ့် အဲဒီစကားကအမှန်ပါပဲ။


ဘာတွေဆက်လုပ်ရမလဲ။ ကိုယ်တည်ဆောက်ခဲ့တဲ့အရာတစ်ခုဟာ အစိတ်စိတ်အမြွှာမြွှာ အက်ကွဲပြိုကျသွားတယ်၊ တစ်စစီဖြစ်သွားတယ်။ ဒီထက်ပိုပြီးတော့ ရှေ့ကိုမတိုးမိခင် အခြေနေမှန်လေးတွေကို သိလိုက်ရတာ ကျေးဇူးတင်စရာကောင်းပါတယ်။ ပိုပြီးရှေ့ဆက်တိုးမိလေ ပိုပြီးနာကျင်ရလေဖြစ်တော့မှာပါ။


အေးချမ်းမှုနဲ့ စွန့်လွတ်နားလည်ပေးပါ။ အရာရာဟာ ကိုယ်ထင်သလို ဖြစ်မလာနိုင်ဘူး။ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အတင်းလည်းလုပ်ယူလို့မရဘူး။ ကံတရား..ရှေးရေစက်ရှိမှလည်း ဖြစ်နိုင်တယ်။ အစပိုင်းမှာကတည်းက အဆင်မပြေမှုတွေ ပူလောင်မှုတွေ ပြဿနာတွေ ကြုံနေရပြီဆိုရင် ဒါဟာ ရှေ့ဆက်မတိုးဖို့ အလံနီ Red Flag ပြနေတာပဲဖြစ်ပါတယ်။ ကားတွေဟာ မီးပွိုင့်နီနေပြီဆိုရင်တော့ရပ်ပေးရတော့မှာပဲဖြစ်ပါတယ်။


သူဟာ ကိုယ့်အတွက်မဖြစ်နိုင်ဘူး။


ဒါမျိုးက Kermic Relationship တွေ ဖြစ်တတ်ပါတယ်။ အချင်းချင်းဒုက္ခပေးဖို့ ..နာကျင်စေဖို့ ..ကြေကွဲဝမ်းနည်းနေရဖို့ ရောက်လာတာမျိုး ..ဆုံတွေ့ရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာအကောင်းဆုံးကတော့ လက်လွှတ်ပေးလိုက်တာပါပဲ။ စွန့်လွှတ်ပေးလိုက်တာပါပဲ။


ဆုပ်ထားတဲ့လက်သီးဆုပ်ကို ဖြေပြီး လက်ဖြန့်ကြည့်လိုက်ပါ။ လက်နဲ့တင်းကျပ်စွာ ဆုပ်ကိုင်ထားတာကို ဖြေလျော့ပေးလိုက်တာနဲ့ လက်ခံခြင်းဆိုတာ တစ်ချိန်တည်းမှာ အလိုလိုရောက်ရှိလာတာဖြစ်ပါတယ်။ Acceptance ဟာ အရေးကြီးပါတယ်။ Let go လုပ်နိုင်လေ တခြားအရာတွေကို လက်ခံနိုင်..Accept လုပ်ဖို့ အခွင့်အလမ်းများလေဖြစ်ပါတယ်။


အနတ္တရဲ့သဘောကို နားလည်လက်ခံခြင်းဟာ Quality of mind ဆိုတဲ့ စိတ်ဓာတ်အဆင့်တစ်ခု အရည်သွေးတစ်ခု မြင့်မားလာခြင်းလည်းဖြစ်ပါတယ်။ ဝမ်းနည်းရတာ.. နာကျင်ရတာ ခံစားရတာဟာ ..အကုသိုလ်လို့ခေါ်တဲ့ Negative Energy တွေ ဖြစ်နေတယ်ဆိုတာ နားလည်ပေးပါ။


တစ်စုံတစ်ယောက်က အပူတွေနဲ့ ဆွဲချလာတဲ့အခါ အဲဒီအပူတောထဲကို ခုန်ချမသွားဖို့ ..အပူတောထဲမှာ လဲပြိုမနေဖို့ ..နှလုံးသားကို မီးမြှိုက်မထားဖို့ လိုအပ်ပါတယ်။


ပျော်အောင်နေလိုက်ပါ။ အေးချမ်းအောင်နေပါ။ အနည်းဆုံးတော့ ကိုယ်ဟာ သူ့အပေါ် အရိုးသားဆုံး အစစ်မှန်ဆုံး နေပေးခဲ့တာပါ။ ဒါဟာ ကိုယ့်အတွက် လိပ်ပြာလုံစရာပဲဖြစ်ပါတယ်။ ဘယ်သူ့ကိုမှယုံလို့မရပေမယ့် ကိုယ့်ရဲ့သိက္ခာကိုတော့ ကိုယ်ယုံကြည်ခဲ့ရတာပဲမဟုတ်လား။


ကိုယ့်အားကိုယ်ကိုးပါ။ သူ ကိုယ့်ဘဝထဲကိုမရောက်လာခင်အချိန်ကလည်ယ ကိုယ်တစ်ယောက်တည်းရပ်တည်လာနိုင်ခဲ့သေးတာပဲ။ သူ့အပေါ်မှာမှသွားပြီး မှီခိုချင်တယ်ဆိုတာ စိတ်ရဲ့လှည့်စားချက်တွေဖြစ်ပါတယ်


ကိုယ့်ကိုချစ်ခင်တဲ့နားလည်တဲ့ သူငယ်ချင်းတွေ မိသားစုတွေနဲ့ စကားပြောပါ။ ကိုယ့်စိတ်ကို ပျော်ရွှင်စေတဲ့ လုပ်ဆောင်မှုလေးတွေကိုလုပ်ပါ။ ပန်းချီဆွဲတာ ..ကတာ.. ဂစ်တာတီးတာ သီချင်းဆိုတာ ..ဟင်းချက်တာ ..ခွေးကလေးကြောင်ကလေးတွေနဲ့နေတာ စတဲ့ Activity လေးတွေကို လုပ်နိုင်ပါတယ်။


နာကျင်နေတဲ့ ကိုယ့်ရဲ့နှလုံးသားလေးကို နေပြန်ကောင်းလာအောင်ကုစားဖို့ အချိန်လေးတစ်ခုပေးလိုက်ပါ။


ချစ်ခြင်းမေတ္တာဟာ အင်မတန်မြင့်မားတဲ့ စွမ်းအင်တစ်ခုမို့လို့ တကယ်ကိုမိမိနဲ့ထိုက်တန်တဲ့ ချစ်ခြင်းမေတ္တာကို လက်ခံရရှိဖို့.. ခံစားရဖို့ ..ဆွဲငင်နိုင်ဖို့ဆိုရင် မိမိကိုယ်တိုင်ရဲ့ နှလုံးသားကထုတ်လွှတ်တဲ့ Vibrational Frequency တုန်ခါမှုကြိမ်နှုန်းတွေဟာ မြင့်မားနေရမယ်ဆိုတာ သဘောပေါက်ရမှာဖြစ်ပါတယ်။


Don't Chase, Attract ဆိုတဲ့အတိုင်း နောက်ကနေပြေးလိုက်နေရမှာမဟုတ်ဘဲ သူ့အလိုလိုရောက်လာအောင် ဆွဲငင်ယူရမှာဖြစ်ပါတယ်။ အကြောင်းအကျိုးတွေ တိုက်ဆိုင်လာတဲ့အချိန်မှာ ကိုယ်နဲ့တကယ်ထိုက်တန်တဲ့ ဘဝအဖော်မွန်ကို ပိုင်ဆိုင်လာရမှာပါ။


1,384 views0 comments

Commentaires


bottom of page