top of page
Search

အခုတလောမှာ ကြည့်မိတဲ့ Video အတိုလေးတွေကနေ စဉ်းစားမိတာလေးတစ်ခုပါ။





တိရစ္ဆာန်လေးတွေ ကလေးလေးတွေကို ချစ်တတ်တဲ့သူဆိုတော့ သူတို့လေးတွေနဲ့ ပတ်သက်တဲ့ Video လေးတွေပေါ်လာရင် အမြဲတမ်း သေသေချာချာကြည့်မိတတ်ပါတယ်။


အခုတလောမှာ ကြည့်မိတဲ့ Video အတိုလေးတွေကနေ စဉ်းစားမိတာလေးတစ်ခုပါ။


နိုင်ငံကတော့ ဂျပန်နိုင်ငံဖြစ်မယ်လို့ ထင်ပါတယ်။ ကြောင်ပေါက်စလေးတစ်ကောင်က လမ်းမကြီးတစ်ခုပေါ်မှာရှိတဲ့ အဖုံးသံစကာကြားကနေ လိုဏ်ခေါင်းလိုနေရာထဲကို ပြုတ်ကျပြီး အပြင်ကိုပြန်မထွက်တတ်တော့ဘဲ တမြောင်မြောင်နဲ့ အော်နေတာပါ။ ဒီကြောင်ကလေး အပြင်ကိုထွက်မလာနိုင်ပေမယ့် ဘာဖြစ်လို့ သေမသွားခဲ့လဲဆိုရင် အဲဒီလမ်းကိုဖြတ်ပြီး ကျောင်းသွားကျောင်းပြန်လုပ်နေကြတဲ့ ကလေးလေးတွေက ကြောင်စာလေးတွေယူပြီးတော့ နေ့တိုင်းအစာကျွေးနေကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သက်ဆိုင်ရာလူကြီးတွေ သိသွားတဲ့အချိန်မှာကြောင်ကလေးက အပြင်ကိုပြန်ထွက်ဖို့ တော်တော်အကောင်ကြီးနေပါပြီ။ အဲဒီအပေါက်ထဲမှာပဲနေပြီးတော့ ကလေးလေးတွေကျွေးတဲ့အစာကို စားရင်း အသက်ရှင်နေရှာတာပါ။


ဒါနဲ့ နောက်ဆုံးတော့ သူ့ကို ခက်ခက်ခဲခဲ ကယ်ထုတ်ကြရတယ်။ အစာကျွေးနေကျကလေးတွေက ကြောင်ကလေးထွက်လာမယ့်အဝမှာ စောင့်ရင်းနဲ့ လက်ခုပ်တွေတီး ပျော်ကြတာလေးနဲ့ အဆုံးသတ်သွားပါတယ်။ ဒါဟာ သူတို့ကြောင်ကလေးပါပေါ့။ ကလေးလေးတွေနဲ့ ကြောင်ကလေးတစ်ကောင်ရဲ့ မေတ္တာတရားအခြေခံတဲ့ ဆက်သွယ်ချက်ကလေးကို ကြည့်ရတာ ကြည်နူးစရာပါ


ဒီလိုပဲ ထူးထူးခြားခြားတွေ့ရတာလေးတွေက ကျားမကြီးတစ်ကောင်ဟာ သူ့ရဲ့ကျားပေါက်စလေးတွေ သေသွားတဲ့အတွက် စိတ်ထိခိုက်ခံစားရပြီး တော်တော်နေမကောင်းဖြစ်နေတယ်။ ဒါနဲ့ ကျားလေးတွေနဲ့ အရွယ်တူ ဝက်ပေါက်ကလေးတွေကို ကျားအရေခွံနဲ့တူတဲ့ ပိတ်စနဲ့အင်္ကျီလေးတွေကို ဝက်လေးတွေကိုယ်ပေါ် ပတ်ပြီး ကျားမကြီးဘေးမှာလွှတ်ထားတာပါ။ ကျားမကြီးက ဝက်ကလေးတွေရောက်လာတော့မှ ပျော်ပျော်ရွှင်ရွှင်ဖြစ်သွားပါတယ်။ ကျားဟာ ဝက်ကို ဝက်မှန်းမသိလောက်အောင်တော့ တုံးမယ်မထင်ပါဘူးလို့တွေးမိပါတယ်။ ဝက်အနံ့နဲ့ ကျားအနံ့က တူမှမတူနိုင်တာ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့စိတ်မှာ ဖြေသာရာရခဲ့တယ်ထင်ပါတယ်။ ဒါဟာလည်း မေတ္တာတရားရဲ့စီးဆင်းမှုတစ်ခုပါပဲ။


ဒီလိုပဲ အသီးအရွက်တွေထည့်ထားတဲ့ခွက်မှာ ယုန်ကလေးတွေ လိပ်ကလေးတွေအပြင် Iguna လို့ခေါ်တဲ့ပုတ်သင်ညိုလိုအကောင်ကလည်း အစာအတူတူ ဝင်စားနေတာကိုတွေ့ရတာပါ။ ခွေးနဲ့ တည့်တဲ့ ကြောင်ရှိတယ်။ ကြောင်နဲ့တည့်တဲ့ ရှဉ့်ရှိတယ်။ မျက်စိမမြင်တဲ့ ခွေးကလေးကို တခြားခွေးကလေးတစ်ကောင်က လမ်းပြပေးတဲ့အဖော် လုပ်ပေးတယ်။ ဆင်မကြီးက ခြံစည်းရိုးမကျော်တတ်တဲ့ သူ့ဆင်ကလေးကို နှာမောင်းနဲ့ချီပြီး ကျော်နိုင်အောင်လုပ်ပေးတယ်။ အသိဉာဏ်ပညာနိမ့်တယ်လို့ သတ်မှတ်ထားတဲ့ တိရစ္ဆာန်ကလေးတွေမှာ အင်မတန်အဆင့်မြင့်တဲ့ မေတ္တာတရားကိုတွေ့ရတာ အံ့ဩစရာကောင်းတယ်။


ကြည့်လက်စမှတ်တမ်းရုပ်ရှင်တစ်ခုလည်း ရှိပါတယ်။ Life on our planet ဆိုတဲ့ Documentary ပါ။ နောက်ခံစကားပြောက ရုပ်ရှင်မင်းသားကြီး Morgan Freeman ဖြစ်ပါတယ်။ အဲဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ကမ္ဘာဂြိုလ်ကြီး ဖြစ်ပေါ်လာပုံကိုပြတယ်။


တိရစ္ဆာန်တွေဟာ ကမ္ဘာပေါ်မှာ အခြေခံအကျဆုံးနဲ့ ပထမဆုံးဖြစ်ပေါ်လာတဲ့ သက်ရှိသတ္တဝါတွေပဲဖြစ်တယ်။ ကမ္ဘာဂြိုလ်ကြီးဖြစ်ပေါ်လာတာနဲ့အတူ သူတို့တွေလည်း ဖြစ်ပေါ်လာခဲ့ကြတယ်။ တိရစ္ဆာန်တွေရဲ့အသိစိတ်တွေ၊ ပတ်ဝန်းကျင်ပေါ် တုံ့ပြန်မှုတွေ၊ သူတို့ရဲ့ကိုယ်ခန္ဓာတွေထဲမှာ ဖြစ်တည်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ ကမ္ဘာမြေကြီးရဲ့ ဖြစ်တည်မှု ဆက်စပ်နေတဲ့အကြောင်းတွေကို ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ တွေ့ရမှာဖြစ်ပါတယ်။ အင်မတန်ထူးဆန်းပါတယ်၊ အံ့ဩစရာကောင်းပါတယ်။


ကျွန်မတို့လူတွေနဲ့စာရင် ရေနေကုန်းနေ တိရစ္ဆာန်တွေ သတ္တဝါတွေဟာ ကမ္ဘာမြေကြီးရဲ့အကြောင်းကို ပိုပြီးတော့သိကြပါတယ်။ တစ်ခုခုဖြစ်တော့မယ်ဆိုရင်လည်းသိတယ်။ အဲဒီအတွက် ဘာတွေကြိုပြီးပြင်ဆင်ရမယ်၊ ဘယ်နေရာကိုပြောင်းရမယ်၊ ဘာတွေလုပ်ရမယ်ဆိုတာကိုလည်း သူတို့က သိနေတတ်ကြပါတယ်။ ဒါဟာ တိရစ္ဆာန်တွေအနေနဲ့ ကမ္ဘာမြေကြီးနဲ့ပိုပြီးတော့ ဆက်သွယ်မှုတွေ ရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ လူသားတွေအနေနဲ့ကတော့ သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်ဟာ ရှုပ်ထွေးတဲ့ Complex Societies တွေဖြစ်နေတယ်။ Technology ကလည်း သဘာဝနဲ့အဆက်ပြတ်အောင် Separate လုပ်ထားသလို ဖြစ်နေပါတယ်။


ဒါကြောင့် မိုးရွာမယ်၊ ရေကြီးမယ်၊ ငလျင်လှုပ်မယ်ဆိုတဲ့ကိစ္စတွေမှာ လူတွေကနောက်ကျမှသိပြီး တိရစ္ဆာန်တွေက အရင်ကြိုသိနေကြတာမျိုးဖြစ်ပါတယ်။


ကမ္ဘာအနှံ့အပြားမှာ မေတ္တာတရားခမ်းခြောက်လာတာကြောင့် စစ်မက်တွေဖြစ်ပွားကြတယ်။ လူတွေရဲ့ဘဝဝန်းကျင်မှာ အချင်းချင်း သည်းခံနိုင်မှု နည်းလာတယ်။ စာနာနားလည်မှုတွေ နည်းပါးလာတယ်။ ဒါကြောင့်လည်း မေတ္တာတရားဆိုတာက ရေစက်ကလေးတစ်ပေါက်စာလောက် ထိတွေ့ခွင့်ရရင်တောင် အင်မတန်အေးမြသွားရတာမျိုးဖြစ်ပါတယ်။


တိရစ္ဆာန်လေးတွေ ကလေးလေးတွေရဲ့ ဗီဒီယိုလေးတွေကြည့်ပြီး မေတ္တာတရားကို Highlight လုပ်ပြနေတာကိုပဲမြင်နေမိတယ်။ ဒါဟာ Universe က ပေးချင်တဲ့ သတင်းစကားတစ်ခုလည်း ဖြစ်နေမယ်လို့ထင်ပါတယ်။ လူသားတွေအတွက် လိုအပ်ချက်ရှိနေတာကို လမ်းညွှန်ပေးနေတာလည်း ဖြစ်နိုင်ပါတယ်။


အခုနောက်ပိုင်းမှာ Spiritual Masters တွေ Gurus တွေလည်း မေတ္တာတရားနဲ့ ပက်သက်တဲ့အကြောင်းတွေ အတော်ပြောလာကြတာကို တွေ့ရပါတယ်။ အရာရာကို မေတ္တာစိတ်နဲ့ ကြည့်ပေးလိုက်တယ်ဆိုတာက မိမိရဲ့စိတ်အစဉ်ဟာ ငြိမ်းချမ်းတဲ့မေတ္တာဓာတ်နဲ့ ထိုက်တန်တယ်လို့ ယူဆလိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်


မေတ္တာပို့ပေးလိုက်တယ်ဆိုတဲ့နေရာမှာ တစ်ဖက်လူက ကိုယ့်ဆုတောင်းမေတ္တာကြောင့် နေကောင်းသွားမယ် ပျော်ရွှင်သွားမယ် ချမ်းသာသွားမယ် လိမ္မာသွားမယ် အဆင်ပြေသွားမယ်အစရှိသဖြင့် မပြောနိုင်တာမှန်ပေမယ့် သူ့အပေါ်မှာ မေတ္တာထားလိုက်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ရင်ထဲမှာ အရင်ဆုံး မေတ္တာဓာတ်ကလေး စီးဆင်းသွားပြီး အေးမြသွားရတာဖြစ်ပါတယ်။ ဒီလိုအငြိမ်းဓာတ်ကလေးက ရင်ထဲရောက်နေတဲ့အခါမှာ ဘယ်သူ့ကိုမှ ဒုက္ခမပေးဖြစ်တော့ဘူး။ ကိုယ်နဲ့ဆက်စပ်နေရာ မိသားစုအသိုင်းအဝိုင်းတွေအကုန်လုံးဟာ ဒီလိုပဲဆင့်ကဲဆင့်ကဲ ငြိမ်းအေးမှုကို ရရှိတာဖြစ်ပါတယ်။


#မနက်စာအာဟာရ




592 views0 comments

Comments


bottom of page