top of page
Search

အချိန်ရှိသလောက်..အပြည့်အ၀ရှင်သန်နေထိုင်သွားပါ




ဒီရက်ပိုင်းအတွင်း..တိုက်တိုက်ဆိုင်ဆိုင်..ကိုယ်သိတဲ့လူတွေအပါအ၀င်..သူတို့ရဲ့ရင်းနှီးသော..မိသားစု၀င်တွေ..ကွယ်လွန်သွားကြတာ..အတော်များများ..ကြားရတယ်..သိတဲ့အစ်ကိုကြီးတစ်ယောက်ဆို အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့..ဟော..ကျပ်တယ်..ကျပ်တယ်ဆို..ဆုံးတော့တာပဲ..တဲ့..


သေခြင်းတရားဟာ..ဘယ်ပြက္ခဒိန်ကိုမှ အသိအမှတ်မပြုဘူး..ဆိုတဲ့ ဆရာတော့်စကားသိပ်မှန်တာပဲ


သူလာချင်တဲ့အချိန် ဖြုတ်ကနဲရောက်လာတာပဲ..

သူအနားယူနေတဲ့အချိန်မရှိဘူး

24\7 အလုပ်လုပ်တယ်


မလာပါနဲ့ဦးတားလို့လည်းမရဘူး..ဒီလိုနဲ့ လူတွေလည်း တဖြုတ်ဖြုတ်ပဲ


တကယ်တော့..ကိုယ်လည်း..ဘယ်နေ့ ဘယ်အချိန်မှန်း မသိဘဲ မဖြစ်လောက်သေးဘူးထင်ပါရဲ့လို့..

ထင်တစ်လုံးနဲ့ နေနေကြရတာပဲ..ဘ၀မှာ..နေသာနေရတာ..တကယ်တော့..တဲတဲလေးပဲ..


ငါမသေနိုင်ဘောက်သေးပါဘူး..ဆိုတဲ့မာနက ထောင်မတ်နေတော့.. ဘာမှမဟုတ်တာလေးနဲ့လည်း..

ရန်တွေစွာနေကြတယ် ငြင်းခုံနေကြတယ်..အမုန်းပွားကြတယ်..ညှိူးမာန်ဖွဲ့နေကြတယ်.. တွေးသမျှ..

ပြောသမျှဟာ..အကုသိုလ်ချည်းပဲ..တကယ်ကြောက်စရာကောင်းတယ်


သေတာဟာ..အံ့သြစရာမဟုတ်ဘူး..ကြောက်စရာ..ကူးစက်ရောဂါတွေ..ကပ်ဘေးဆိုးတွေ..ရာသီဥတုတွေ..

မတော်တဆထိခိုက်မှုတွေကြားထဲမှာ..လူတွေရှင်နေကြတာကသာ အံ့သြစရာဖြစ်တယ်

ကမကုန်ကြသေးလို့သာပဲ..


ကျွန်မတို့ လူတွေဟာ..သေဖို့ကို မေ့မေ့နေကြတယ်..သူများအသုဘကို လိုက်ပို့ရင်း သိဟောင်းကျွမ်းဟောင်းတွေ ဆုံတဲ့အခါ ဘယ်တစ်ယောက်ကလေ..ကင်ဆာဖြစ်နေတာ..

အတော်ဆိုးနေပြီ..ဆိုတဲ့ စကားကို..စိတ်မကောင်းသလိုလိုနဲ့..အားရပါးရပြောတတ်ကြတုန်းပဲ..


သူဖြစ်တာ..ငါတော့မဖြစ်လောက်ပါဘူးဆိုတဲ့..အတွေးမျိုး ကျွန်မတို့ဆီမှာ ရှိနေကြတာ..တကယ်ဟာသပဲ..

တကယ်တော့..ရောဂါအမည်တပ်ခံရသည်ဖြစ်စေ..ရောဂါအမည်အတပ်မခံရသည်ဖြစ်စေ သေဖို့နေ့ရောက်သေကြတာပါပဲ..


ကျွန်မတို့ရထားတဲ့ သက်တမ်းဟာ Unlimited Package မဟုတ်ဘူး..ဘယ်တော့..ကုန်ဆုံးသွားမယ်မှန်းသာ

မသိနိုင်တာ..အသက်ရှင်နေဖို့ အချိန်ဟာ..အကန့်အသတ်ရှိတယ်.. ပေါင်မုန့်တို့..ကိတ်မုန့်တို့ဆိုရင်တော့... ဘယ်တော့ Expired ဖြစ်မယ်ဆိုတဲ့ ကုန်ဆုံးရက်ကအတိအကျပါလာတယ်..သူ့သက်တမ်းမကုန်သေးသရွေ့..

သူ့ကိုမြန်မြန်စားပစ်လိုက်ရမယ်..


လူမှာတော့..သက်တမ်း ကုန်ဆုံးရက်မပါတဲ့အတွက်..သေပြီးမှ..မလုပ်ရသေးတာတွေ.. လုပ်သင့်လုပ်ထိုက်တာတွေ ကျန်ခဲ့ကြရတာ အများကြီးပဲ..တရားအားမထုတ်လိုက်ရဘူး မလှူလိုက်ရဘူး

အကြွေးမဆပ်လိုက်ရဘူး.ခွင့်လွှတ်တဲ့စကားမပြောလိုက်ရဘူးချစ်တယ်လို့မပြောလိုက်ရဘူး..တဲ့..


လူတွေမှာ..သက်တမ်းကုန်ဆုံးရက်ဆိုတာကို ကြိုသိနေခဲ့ရင် အချိန်တွေဟာ..စက္ကန့်နဲ့အမျှ အရေးကြီးနေတော့မှာပဲ..လုပ်စရာရှိတာတွေမြန်မြန်ပြီးအောင်လုပ်ရမယ်..


  • ဘယ်သူနဲ့မှ ငြင်းခုံ..ရန်ဖြစ်နေတော့မှာမဟုတ်ဘူး..

  • ဘယ်သူ့အကြောင်းမှလည်း အတင်းထိုင်ပြောနေမှာမဟုတ်တော့ဘူး

  • မဆိုင်တဲ့အရာတွေ လိုက်ပါနေတော့မှာမဟုတ်ဘူး

  • ဘယ်သူ့ကိုမှလည်း မမုန်းတော့ဘူး

  • ဘယ်သူ့ကိုမှလည်း မပိုင်ဆိုင်ချင်တော့ဘူး

  • ဘယ်သူနဲ့မှလည်း မပြိုင်ချင်တော့ဘူး


မသေချာတာတွေအတွက် စွန့်စားမဲ့အစား သေချာတာတွေပေါ်မှာ..ရင်းနှီးမြှုပ်နှံမယ်..


  • ကိုယ့်အကြောင်းကိုယ်တွေးမယ် ကိုယ်ဘာတွေလုပ်ခဲ့ပြီးပြီလဲပဲ စစ်တမ်းထုတ်တော့မယ် လိုနေသေးရင် အချိန်လေးရှိတုန်း..ကြိုးစား..ဖြည့်ဆည်းရမယ်..


  • အတတ်နိုင်ဆုံးကောင်းတာတွေလုပ်မယ်..ကောင်းတာတွေတွေးမယ်..ကိုယ်ခန္ဓာနာပေမဲ့..စိတ်မနာရအောင်နေမယ်..အစွဲအလမ်းတွေကိုဖြတ်မယ်..


  • ချစ်သူမုန်းသူအားလုံးကို ခွင့်လွှတ်ကျေအေးခဲ့မယ်..ဘယ်အရာကြောင့်မှ ကိုယ့်စိတ်ကို အညစ်နွမ်းမခံတော့ဘူး..


  • ကြောက်ရွံတုန်လှုပ်ခြင်းကင်းတဲ့..အတည်ငြိမ်ဆုံးသောစိတ်ထားနဲ့..သံသရာခရီးထွက်ဖို့..ပြင်ဆင်မယ်


ဒီလိုဆိုတော့..တွေးလိုက်တာနဲ့တင် ကုသိုလ် အတော်ရသွားသလိုခံစားရတယ်..

ဘယ်တော့ကုန်မယ်မှန်းမသိတဲ့ အချိန်တွေဟာ..သိပ်အဖိုးတန်ပါတယ်..ဒါကြောင့် မဖြုန်းတီးပါနဲ့..

အခုဒီစာလေးဖတ်လိုက်တဲ့ နှစ်မိနစ်ဟာ..မိတ်ဆွေရဲ့ဘ၀မှာ ဘယ်သောအခါမှပြန်ရနိုင်တော့မှာမဟုတ်တာကို သတိပြုမိပါရဲ့လား..


အချိန်နဲ့အမျှ ပေါ်ပေါက်နေတဲ့ အတွေးတွေကို သတိထားဆင်ခြင်ပါ..


အချိန်တိုင်းကို တန်ဖိုးထားပါ အချိန် ရှိသလောက်..အပြည့်အ၀ရှင်သန်နေထိုင်သွားပါ


သို့သော်..ကုသိုလ်နဲ့ ဆက်တဲ့....အပြစ်ကင်းစွာ..နေထိုင်ခြင်းမျိုးဖြစ်ပါစေ..


မွန်ဟော်စီ

၂၀၂၀ ဇန်နဝါရီ


#မနက်စာအာဟာရ


43 views0 comments

Comments


bottom of page