top of page
Search

အခုအသက်အရွယ်မှာတော့.. တကယ်ကို သန်မာတယ်ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ဘ၀မှာတကယ်ကို လဲပြိုခွင့်မရှိဘူးလားလို့ တွေးစရာဖြစ်လာပါတယ်..


အမျိုးသမီးတွေဟာ ပင်ကိုသဘာဝအားဖြင့် နူးညံ့ပျော့ပျောင်းတဲ့ စရိုက်လက္ခဏာမျိုးရှိကြပါတယ်။ဒါပေမဲ့ တချို့အမျိုးသမီးတွေကတော့ ဘဝပေးအခြေအနေတွေအရ အမျိုးသားတွေလိုကို ကြံ့ခိုင်သန်မာတဲ့ စရိုက်လက္ခဏာမျိုးတွေ ရှိနေတတ်ကြပါတယ်။


အမျိုးသားတွေမှာလည်းဒီလိုပဲရှိပါတယ်။ လူ့ပတ်ဝန်းကျင်ရဲ့သတ်မှတ်ချက်အရ အမျိုးသားတွေဟာမိသားစုမှာဦးဆောင်ရတယ်။ ဆုံးဖြတ်ချက်တွေချရတယ် ဆိုပေမဲ့ စိတ်ခံစားမှုအရ ဝမ်းနည်းတတ်တယ် ၊အားငယ်တတ်တယ်.. ဆိုတဲ့စိတ်မျိုးတွေလည်းရှိကြတာ အမှန်ပါပဲ။


အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဘယ်သူမဆို ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ Strong ဖြစ်တယ်၊ ကြံ့ခိုင်သန်မာတယ်ဆိုတာမျိုးကို လိုလားကြတာပဲဖြစ်ပါတယ်။ ဘယ်သူကမှ လဲပြိုမနေချင်ကြဘူး။ ဘယ်သူကမှ ပျော့ညံ့မနေချင်ကြဘူး။ ဘယ်သူကမှ ကိုယ့်ရဲ့အားနည်းချက်တွေကို ထုတ်မပြချင်တတ်ကြပါဘူး။


ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်မယ်ဆိုရင် အသက် ၁၉နှစ်လောက်မှာစပြီး လူကြီးအရာကို ရောက်ခဲ့ရပါတယ်။ အသက်၂၅နှစ်မှာတော့ လုံးဝကိုမိသားစုတာဝန်ကို ပုခုံးထမ်းတင်လိုက်ရတဲ့အခြေအနေမျိုးရောက်ခဲ့ရပါတယ်။


အဲဒီအကြောင်းတွေကို အသေးစိတ်မပြောလိုပေမဲ့ အသက်ငယ်ရွယ်တဲ့အချိန်မှာ မိသားစုရဲ့ ဦးစီးဦးဆောင်တဲ့လူကြီးတွေ ကွယ်လွန်သွားကြတာတွေဟာ ကိုယ့်ကို သူတို့နေရာကို ရောက်ချင်ချင်..မရောက်ချင်ချင် အရောက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ သူတို့လျှောက်ခဲ့တဲ့လမ်းတွေ ကိုဆက်လျှောက်ခဲ့ရတယ်။ သူတို့အပြီးသတ်ရမယ့်အလုပ်တွေ အပြီးသတ်ပေးခဲ့ရတယ်။


အဲဒီအချိန်ကစပြီး ဘဝမှာ Independent ဖြစ်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်ဆိုတဲ့အနေအထားမျိုးနဲ့ စိတ်မျိုးကို ရခဲ့ပါတယ်။ ဘဝတစ်လျှောက်လုံးမှာ ဒီလိုပုံစံနဲ့သွားခဲ့တော့ Self Sufficient ဖြစ်တယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။ ကိုယ့်အတွက်ကိုယ်တော့ အမြဲ လုံလောက်နေတော့တာပါ။


အမျိုးသမီးတစ်ယောက်ရဲ့စရိုက်သဘာဝ နူးညံ့ပျော့ပျောင်းတာ၊ အလှအပကြိုက်တာမျိုးတွေရှိပေမယ့်လည်း တစ်ဖက်မှာကတော့ ငါဟာ သန်မာတယ်ဆိုတာမျိုးဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေအရ လဲပြိုဖို့ခဲယဉ်းတယ်။ ငိုစရာရှိရင်တောင် ကြိတ်ခံနေတယ်။ ဘယ်သူ့အကူအညီမှမလိုဘူး။ ဘယ်သူ့ကိုမှ အားကိုးမှီခိုစရာမလိုဘူး။ တွယ်ငြိနေဖို့မလိုဘူး..ဆိုတာမျိုးဖြစ်ပါတယ်။


ဒါမျိုးက ကိုယ်တစ်ယောက်တည်းလားဆိုတော့ မဟုတ်ဘူး။ ဒီခေတ်မှာ အမျိုးသမီးတော်တော်များများဟာ ကိစ္စတော်တော်များများကိုသူတို့ကိုယ်တိုင် ဦးစီးဦးဆောင်လုပ်နိုင်တာ၊ ဆုံးဖြတ်နိုင်တာ၊ ဖြေရှင်းနိုင်တာမျိုးတွေ ရှိလာပါတယ်။အဲဒီအခါမှာ အမျိုးသမီးတွေကလည်း အကုန်လုပ်နိုင်တယ်ဆိုတဲ့ မာန်မာနမျိုးရှိလာတာ၊ တော်ရုံတန်ရုံ ကိစ္စတွေမှာ ဦးမချိုးနိုင်တာမျိုးတွေ ဖြစ်လာတာကသဘာဝပဲဖြစ်ပါတယ်။


အဲဒီအခါမှာ ကိုယ့်ကိုယ်ကိုယ် နူးညံ့ခွင့်မပြုဘူး။ လဲပြိုဖို့ အခွင့်မပြုဘူး။ ချစ်ဖို့ကို ခွင့်မပြုဘူး။ ခံစားချက်တွေကို မဖော်ပြဘူး။ ကိုယ့်ရဲ့အားနည်းချက်တွေကို မသိချင်ယောင်ဆောင်ထားတယ်။ ကိုယ့်ဘာသာကိုယ် အကာအရံအတားအဆီးတွေအများကြီးလုပ်ထားတယ်။ ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ထားတဲ့ကြိုးတွေရှိတယ်။ တားထားတဲ့စည်းတွေရှိတယ်။ အဲဒီအခါမှာ ရယ်ရမှာကိုလည်း မသိဘူး။ ငိုရမှာကိုလည်း မသိဘူး။ စက်ရုပ်တွေလိုဖြစ်လာပါတယ်။


အခုအသက်အရွယ်မှာတော့.. တကယ်ကို သန်မာတယ်ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ဘ၀မှာတကယ်ကို လဲပြိုခွင့်မရှိဘူးလားလို့ တွေးစရာဖြစ်လာပါတယ်။


ဥပမာ ကျွန်မတို့နေထိုင်မကောင်းဖြစ်တဲ့အခါမျိုးပေါ့။ အဲဒီလိုအချိန်မှာ စိတ်တွေလည်းလဲပြိုတတ်ပါတယ်။ တစ်ယောက်ယောက်ကို လိုချင်တယ်။ ယုယတာခံချင်တယ်။ ငိုဖို့ပုခုံးတစ်ခုလိုတယ်။ ပြောတာတွေကို လုံးဝ Judge မလုပ်ဘဲ နားထောင်ပေးမယ့်သူ လိုတယ် အစရှိသဖြင့် လိုလားတောင့်တချက်တွေရှိလာပါတယ်။


တကယ်တော့ ကြံ့ခိုင်သန်မာတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့စိတ်ခံစားချက်တွေ အဆင်မပြေတာ၊ သူ့မှာ အားနည်းချက်တွေရှိနေတာ၊ သူလဲပြိုချင်နေတာ၊ ငိုချင်နေတာ စတဲ့ စိတ်ခံစားချက်တွေကိုမျိုသိပ် သိမ်းဆည်းထားဖို့မလိုပါဘူး။ ကြံ့ခိုင်သန်မာတယ်ဆိုတဲ့ လူတွေဟာ သူတို့ရဲ့ဘဝရဲ့ မပြည့်စုံခြင်း၊ အားနည်းခြင်း၊ ပျော့ညံ့ခြင်း၊ နူးညံ့ခြင်းတွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံချပြနိုင်တဲ့သူတွေဖြစ်ကြပါတယ်။ သူတို့ကိုယ်သူတို့ လဲပြိုခွင့်ပေးကြပါတယ်။


ကြံ့ခိုင်သန်မာတဲ့ လူတွေဟာ သူတို့ရဲ့အားနည်းချက် အားသာချက်တွေကိုသိကြတယ်။ ဒါပေမဲ့အဲ့ဒီအားနည်းချက် အားသာချက်တွေအပေါ်မှာ အကြောင်းပြချက်ယူပြီးတော့ လူတကာအပေါ် Manipulative မလုပ်တတ်ကြဘူး။ အခွင့်ကောင်းယူပြီး မလှည့်စားတတ်ကြဘူး။ Marketing မဆင်းတတ်ကြပါဘူး။ ကိုယ့်ရဲ့အားနည်းချက် အားသာချက်တွေကိုသိသလို သူများရဲ့အားနည်းချက် အားသာချက်တွေကိုလည်း သိရှိလက်ခံပါတယ်။


မိမိရဲ့စိတ်ကို မိမိသေချာသိတာ၊ စိတ်ခံစားမှုတွေကိုခွင့်ပြုပေးတာ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်နိုင်တာ ဒါတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်သန်မာတဲ့ လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေပဲဖြစ်ပါတယ်။


ဒါကြောင့် လဲပြိုဖို့ကိုလည်းမရှက်ပါနဲ့။ နူးညံ့ဖို့ကိုလည်းမကြောက်ပါနဲ့။ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် အားလုံးဟာ အသွေးနဲ့အသားနဲ့ခံစားမှုနဲ့လူသားတွေပဲဖြစ်ပါတယ်။



388 views0 comments

Comments


bottom of page