top of page
Search

အဖြစ်အပျက်ကလေးတစ်ခု ကြားဖူးပါတယ်။

Updated: Dec 20, 2023




ကမ်းခြေမှာနေတဲ့ လူတစ်ယောက်က မုန်တိုင်းတိုက်မယ်ဆိုတဲ့ မိုးလေဝသသတင်းကို သိနေပေမယ့် သူ့ကို ဘုရားသခင်က စောင့်ရှောက်တယ်၊ သူ့ကို Universe က ကယ်တင်မယ် ဆိုပြီး ဘယ်ကိုမှပြောင်းရွေ့မပြေးဘဲ နေပါတယ်တဲ့။


သူ့ဘေးနားက လူတွေအကုန်လုံး ထွက်ပြေးကြတယ်။ သူ့မိတ်ဆွေတစ်ယောက်ဆိုရင် သူ့ဆီကိုလာပြီး နင်သေသွားလိမ့်မယ်၊ ငါတို့နဲ့ အတူလိုက်ခဲ့ပါ ဆိုပြီးတော့ အတင်းဆွဲခေါ်တယ်။ သူကတော့ ခေါင်းမာနေဆဲပဲ။


မုန်တိုင်းမလာခင်အချိန်မှာ ရဟတ်ယာဉ်တစ်စင်းကလည်း လာပြီး ကျန်နေသေးတဲ့သူတွေကို သယ်သွားပေးဖို့လုပ်တယ်။ ဒါပေမဲ့ သူကတော့ မလိုက်ဘဲ လက်ခါပြလိုက်တယ်။


နောက်ဆုံး သူတို့နေရာလေးကို မုန်တိုင်းတိုက်ခံလိုက်ရပြီးတော့ သူလည်း သေသွားတယ်ဆိုပါတော့။ သူ့ရဲ့ဝိညာဉ်က ဘုရားသခင်နဲ့တွေ့တော့ ဘယ်လိုလဲဘုရားသခင် ဘယ်လိုလဲ Universe ကြီးရေ ခင်ဗျားအပေါ် အင်မတန် ယုံကြည်ခဲ့တယ်၊ ချစ်ခင်ခဲ့တယ်၊ အားကိုးခဲ့တယ် ဒါပေမဲ့ ကျွန်တော့်ကို ဘာဖြစ်လို့ လာမကယ်ခဲ့တာလဲလို့ မေးပါလေရော။


ဘုရားသခင်က စိတ်ပျက်လက်ပျက်နဲ့ မိုးလေဝသသတင်းကို မင်းကြားအောင်ဖွင့်ပေးခဲ့တယ်။ အိမ်နီးချင်းမိတ်ဆွေကို မင်းဆီကိုလွှတ်ပြီး နားချခိုင်းတယ်။ နောက်ဆုံး ရဟတ်ယာဉ်ကိုတောင် မင်းဆီကို လွှတ်လိုက်သေးတယ်။ အဲဒါနဲ့တောင် မင်းကို ငါတို့မကယ်ခဲ့ဘူးတဲ့လား ပြောလို့ ပြန်မေးလိုက်ပါတယ်တဲ့။


တကယ်တော့ ကျွန်မတို့ဘဝမှာ Universe က ကယ်တင်ပေးခဲ့တဲ့ အဖြစ်တွေ အများကြီးရှိခဲ့ကြဖူးပါတယ်။ မင်းမကြည့်လို့ မသိတာပါ၊ အချစ်က မင်းအနားမှာပါဆိုတဲ့ စိုင်းထီးဆိုင် သီချင်းထဲကလိုပါပဲ။ မြင်အောင်မကြည့်တတ်တော့လည်း မတွေ့တာတွေအများကြီး ရှိတတ်ပါတယ်။


တစ်ခါတော့ မိတ်ဆွေတစ်ယောက်က အတော်ဒုက္ခရောက်ပါတယ်။ ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်နေတဲ့သူပါပဲ။ ဒီလောက်ကုသိုလ်တွေ လုပ်နေတာတောင်မှ ဒီလောက်ဆိုးတဲ့အခြေအနေတွေ ကြုံရသေးသလားလို့ မေးစရာဖြစ်ပါတယ်။


ဘယ်ရောက်နေသလဲ Universe ပေါ့။


ဒီလိုပဲ မေးခွန်းထုတ်ချင်လာတာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဒုက္ခသောကတွေကနေ သူ့ကိုကယ်တင်ပေးလိုက်တာက မိတ်ဆွေသူငယ်ချင်းတွေထဲကတော့မဟုတ်ဘဲ အတော်အလှမ်းဝေးတဲ့ သူစိမ်းတစ်ရံဆံ လူတွေ ဖြစ်ခဲ့ပါတယ်။


ဒါကြောင့် အခက်အခဲတွေ ပြေလည်သွားတာတောင် သိပ်ကျေးဇူးမတင်ဘူး။ Universe သူ့ကို လာမကယ်ဘူးလို့ပဲ တွေးနေခဲ့တယ်။ ဘယ်သူပဲကယ်ကယ် အဆင်ပြေသွားတဲ့အခါ ကျေးဇူးတင်ရမှာပါ။ ကုသိုလ်တွေလုပ်ထားတဲ့အတွက် ပိုးဆိုးပက်စက်တွေ ဖြစ်မသွားတာပါ။


လူတွေရဲ့ဘဝမှာ မကြိုက်တာတွေလည်း ကြုံရတာပါပဲ။ ကုသိုလ်တွေ ဘယ်လောက်လုပ်နေလုပ်နေ ကံကြွေးရှိနေတယ်။ အဲဒီကံကြွေးကလည်း အဲဒီကုသိုလ်တွေကို ဖုံးလွှမ်းသွားနိုင်လောက်တဲ့အထိ အင်အားကြီးမားတယ်ဆိုရင် အဲဒီကိစ္စက သေချာပေါက် ကြုံရမှာပဲဖြစ်ပါတယ်။


ဘဝပြဿနာတွေကို ဖြေရှင်းရာမှာ အဆင်ပြေသွားတဲ့ကိစ္စတွေ ရှိနိုင်သလို လုံးဝအဆင်မပြေဘဲ ခံလိုက်ရတာမျိုးတွေလည်း ရှိနိုင်တာပါပဲ။


ဘဝဆိုတာ ပြဿနာတွေ ဖြေရှင်းနေတဲ့ Process ကြီး တစ်ခုပါပဲ။ ဖြစ်လာတဲ့ ပြဿနာကို..ကိုယ့်ရဲ့ Soul Level အထိ ရှင်းရှင်းလင်းလင်း ရောက်ရှိလက်ခံပြီး ကိုယ့်ရဲ့ဉာဏ်ပညာအရ Level Up ဖြစ်သွားဖို့၊ ပိုမိုကောင်းမွန်တဲ့ လူသားတစ်ယောက်ဖြစ်လာဖို့ ဆွဲတင်ပေးတဲ့ အစမ်းသပ်ခံ စာမေးပွဲတွေဆိုတာ နားထောင်တတ်ဖို့လိုပါတယ်၊ နားလည်ဖို့လိုပါတယ်။


ဒီလိုနားလည်လိုက်မယ်ဆိုရင် ဖြေရှင်းနေရတာတွေ၊ ဘဝပြဿနာတွေကိုလည်း ကြောက်ရွံ့နေစရာအကြောင်းရှိတော့မှာမဟုတ်ပါဘူး။ အကောင်းဆုံးတော့ လုပ်ဆောင်လိုက်တယ်။ ဖြစ်လာတာ မဖြစ်လာတာသည် မိမိလုပ်ခဲ့တဲ့ အကြောင်းတရားတွေပေါ်မှာ များစွာမူတည်တယ်။ အတိတ်က ဘာတွေလုပ်ခဲ့သလဲဆိုတာကိုတော့ ကိုယ်လည်း မသိနိုင်တော့ပါဘူး။ ပြီးခဲ့တာတွေကိုလည်း(ပစ္စုပ္ပန်ကံအကြောင်းတရား ဖြည့်ရုံကလွဲလို့) ပြင်လို့မရတော့တဲ့အခါ လက်လွှတ်ထားတာ၊ လက်ခံလိုက်တာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။


လူတွေဟာ ဘဝသံသရာအဆက်ဆက်မှာ လုပ်ခဲ့တဲ့ ကံဆိုတဲ့အလုပ်တွေ အများကြီးရှိပါတယ်။ ကုသိုလ်တွေပါသလို အကုသိုလ်တွေလည်း အများကြီးပါမှာပါ။ ဘာတွေဘယ်လောက်လုပ်ခဲ့လဲ မသိနိုင်ပါဘူး။ ဒီဘဝမှာ အကျိုးပေးအနေနဲ့ ပြန်လာတတ်တဲ့အခါ ကိုယ်ဖြစ်ချင်သလိုမဖြစ်ရင် မကျေမနပ်ဖြစ်ကြပါတယ်။


ပြဿနာတွေကို မကြောက်ပါနဲ့။ တာဝန်ယူပါ၊ ဖြေရှင်းပါ။ ဒီလိုပြဿနာတွေ၊ ဘဝအခက်အခဲတွေဆိုတာကလည်း ကိုယ်တိုင်ရှင်းပါမယ်လို့ ပါးစပ်ကထုတ်မပြောခဲ့ဘူးဆိုရင်တောင်မှ ကိုယ်လုပ်ခဲ့တဲ့ အကြောင်းတရားတွေကြောင့် ကိုယ်တိုင်ဖြေရှင်းရမယ့်ကိစ္စတွေလို့ အလိုလိုသဘောပေါက်ပြီးသား ဖြစ်ရမှာပါ။ ကိုယ်လုပ်ခဲ့တာတွေအတွက် တာဝန်ယူခြင်း Responsibility လည်းဖြစ်ပါတယ်။ Soul Contract တွေအတိုင်းပါပဲ။


ဘာပဲဖြစ်လာဖြစ်လာ ကိုယ်လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး တာဝန်ယူပါတယ်ဆိုတဲ့ စိတ်ကို မွေးတတ်ရင် Universe ကိုလည်း ကျေးဇူးတင်တတ်လာမှာ ဖြစ်ပါတယ်။ မပြေလည်သေးဘူးဆိုရင်လည်း ဒါဟာ ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူစေချင်လို့ပါ။ အဲဒီကနေ ပိုပြီးကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင် သင်ယူရမှာပါ။ ဘဝမှာ ပိုကောင်းတာတွေ လုပ်စေချင်လို့ပါ။ ကိုယ့်ရဲ့ Soul ဆိုတဲ့နှလုံးသားကို Level Up ဖြစ်စေချင်လို့ဆိုတာ သဘောပေါက်ပေးလိုက်ပါ။


မွန်ဟော်စီ

၂၀၂၃ December

#မနက်စာအာဟာရ

964 views0 comments

Comments


bottom of page