top of page
Search

အရာရာဟာအလေ့အကျင့်ပါပဲကောင်းတာဖြစ်ချင်ရင် ကောင်းဖို့ပြောင်းလဲနိုင်တဲ့ စိတ်ကိုကျင့်ယူပါ..




လူတွေမှာ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကလည်း ဆန်းကြယ်တယ်..ကျွန်မတို့..ကိုယ်ခန္ဓာကြီးတစ်ခုလုံးရဲ့

အချုပ်ဟာ..ဦးနှောက်ပဲ..သူကပဲ အရာရာကိုစေခိုင်းတာပဲ..တစ်နေရာမှာယားတယ်ဆိုတာကို ဦးနှောက်ကပဲ အသိပေးတယ် ယားတဲ့နေရာကို..ကုတ်ဖို့ဆိုတာလည်း ဦးနှောက်ကပဲပြောပေးတယ်


သူ့သတင်းပေးအချက်ပြမှုတွေဟာ..သိပ်မြန်ဆန်လွန်းတော့..ကျွန်မတို့က..ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပဲ..

သြော်..ယားတဲ့အခါ ကုတ်လိုက်တာပေါ့..ဆိုတာမျိုးလောက်ပဲ တွေးကြတယ်..မီးခလုတ်လေးဖွင့်ဖို့..

လက်ညှိူးကလေးနဲ့ထောက်တာကအစ..ဦးနှောက်ရဲ့ အမိန့်ပေးမှုတွေပါတယ်..


စက်ဘီးစီးတဲ့နေရာမှာ ကားမောင်းတဲ့နေရာမှာ..ရေကူးတဲ့နေရာမှာ.. ကျွမ်းဘား..ဘောလုံးကန်..တင်းနစ်..

ဘတ်စကက်ဘော..စတဲ့..ကိုယ်ခန္ဓာလှုပ်ရှားမှုတွေအပြင်..အနုပညာနဲ့ဆိုင်တဲ့..စာရေးတာ..သီချင်းဆိုတာ..

ကခုန်တာ..တွေအားလုံးမှာ..ဦးနှောက်ရဲ့ လေ့ကျင့်မှုတွေပါနေတယ်..စစချင်းမှာ..ဘယ်သူမှ မကျွမ်းကျင်ဘူး..

ဒါပေမဲ့..လေ့ကျင့်တာများတဲ့အခါ ကျွမ်းကျင်လာတော့တာပဲ..


အောက်စဖို့ဒ်ဆရာတော်ဟောတဲ့တရားတစ်ပုဒ်ထဲမှာ..မျောက်တွေနဲ့ ဦးနှောက်ကိုစစ်ဆေးတဲ့အကြောင်းလေး

နားထောင်ဖူးပါတယ်..ဆရာတော်ဟာ..အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သလို သိပ္ပံပညာကိုလည်း စိတ်ဝင်စားတဲ့သူဖြစ်တာကြောင့်..စိတ်တို့..ဦးနှောက်တို့ဆက်စပ်ပြီး..အလုပ်လုပ်ပုံတွေကို..အမြဲပဲထည့်ဟောလေ့ရှိပါတယ်


ဆက်ပြောရရင်..မျောက်ကို ခလုတ်ကလေးတစ်ခုနှိပ်ခိုင်းတယ် လက်ညှိုးလေးနဲ့ ခလုတ်မှန်အောင်နှိပ်နိုင်တိုင်း

အသီးတစ်လုံးကျွေးတယ်တဲ့..အဲဒါမလုပ်ခင်မှာ..သူ့ဦးနှောက်ကိုဓါတ်ပုံရိုက်ထားလိုက်တယ်..မျောက်က

နေ့တိုင်းပဲ..ခလုတ်နှိပ်တယ်..အသီးစားရတယ်..အဲတော့..ခဏခဏနှိပ်တတ်လာတယ်..နောက်ဆုံး အရမ်းကျွမ်းသွားရော..


အဲဒီအခါမှာ..သူ့ဦးနှောက်ကို တစ်ခါ ဓာတ်ပုံပြန်ရိုက်ကြည့်တယ်..အဲဒီ..ခလုတ်နှိပ်တဲ့လက်ညှိုးလေးကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့အပိုင်းလေးဟာ..ကြီးလာတာကို တွေ့ရပါသတဲ့.. ဒီတရားလေးနာရတော့..

စိတ်ထဲမှာ..အလင်းတွေ ပွင့်သွားသလိုခံစားရပါတယ်..


ဒါဆို...အကအခုန်တော်တဲ့သူတွေ..ကျွမ်းဘားကစားတဲ့သူတွေ..သူတို့ ဦးနှောက်တွေကို ကြည့်နိုင်မယ်ဆိုရင် ဒီကိုယ်လက်အင်္ဂါတွေကို ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်တဲ့ ဦးနှောက်ရဲ့ အပိုင်းဟာ..ကြီးနေမှာ..အမှန်ပါပဲ..

ဆရာတော်ကပြောတယ်..စိတ်အတွေးတွေကိုလည်း..ဒီလိုပဲ လေ့ကျင့်ရပါတယ်တဲ့..


ဥပမာအားဖြင့် အဆိုးမြင်စိတ်တွေအရမ်းများနေတဲ့အခါ ကောင်းတာတွေကို ပိုတွေးပေးလိုက်ပါ..

ဒေါသစိတ်တွေများနေရင် မေတ္တာစိတ်အတွေးတွေကို ပိုတွေးလိုက်ပါ မနာလိုစိတ်တွေများနေရင်

မုဒိတာအတွေးကို ပိုတွေးပေးလိုက်ပါ


ကြောက်စိတ်တွေများနေရင် ကိုယ့်ကိုကိုယ်..ယုံကြည်စိတ်ကိုတွေးပေးပါ... စိတ်တွေပြောင်းသွားအောင်..

ဦးနှောက်နဲ့..လေ့ကျင့်တဲ့နည်းပါပဲ..ဒီလို လေ့ကျင့်ရင်း..ဦးနှောက်ဟာ..ပြောင်းသွားနိုင်ပါတယ်တဲ့..

၁၆နာရီလောက် ကမ္မဌာန်းထိုင်သလို လေ့ကျင့်မယ်ဆိုရင် အကောင်းမြင်တတ်တဲ့စိတ်ပေါ်လာတယ်လို့ ပြောပါတယ်


ကောင်းတာကိုတွေးတဲ့..ဦးနှောက်ရဲ့အပိုင်းဟာ..ကြီးလာမယ်လို့..ဆိုပါတယ်..၁၆နာရီပြည့်ဖို့က တစ်နေ့ကို နာရီ၀က်နုန်းနဲ့ဆိုရင် တစ်လနဲ့နှစ်ရက်မှာ အကောင်းမြင်တဲ့စိတ်ကို ရနိုင်ပါတယ်တဲ့..ဒါနဲ့မှမလုံလောက်

သေးဘူးဆိုရင် နောက်ထပ် ၃လထပ်လုပ်ပါလို့ ဆရာတော်မိန့်တာ..နာရဖူးပါတယ်..


ကျွန်မဦးနှောက်ကြီးကို.. ဓာတ်ပုံရိုက်ထားတာမမြင်ဖူးသော်လည်း..အဲဒီအချက်ကို လုံး၀ယုံကြည်ပါတယ်..

လူဦးနှောက်မှာလည်း..အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး..နှစ်ပိုင်းရှိပါသတဲ့..အရှေ့ပိုင်းက ဦးနှောက်ဟာ..

လူရဲ့ဦးနှောက်ဖြစ်ပါတယ်..ဆင်ခြင်ဥာဏ်ရှိတယ်..ယဉ်ကျေးတယ်..မေတ္တာတရား..မုဒိတာတရားရှိတယ်..ပျော်ရွှင်တယ်..ခွင့်လွှတ်တယ်ပေါ့..


အနောက်ပိုင်းက ဦးနှောက်ကတော့..တိရိစ္ဆာန်တွေရဲ့ ဦးနှောက်မျိုးပါတဲ့..အဆင်ခြင်ဥာဏ်မရှိဘူး..ရိုင်းတယ် ငြင်းခုံတယ်..ကိုယ့်ထက်သာရင်မနာလိုဖြစ်တယ် ကြီးနိုင်ငယ်ညှင်းတွေလုပ်တယ်..ကြွားဝါတယ်..ကြောက်ရင်

ထွက်ပြေးတယ်..ဒေါသကြီးတယ်ပေါ့..


ကျွန်မတို့ လူတွေအများစုဟာ..အနောက်ဘက်က ဦးနှောက်ကိုပိုသုံးမိနေတတ်ကြပါတယ်..ပိုသုံးမိလေ..

ပိုအင်အားကြီးလာလေပဲဖြစ်ပါတယ်..ကျွန်မ..ငယ်ငယ်က..သဘောထားသေးသိမ်တဲ့အထဲမှာပါခဲ့ဖူးပါတယ်..မနာလိုတာ..စိတ်ပုတ်တာ..အကောင်းမမြင်တတ်တာ..ကြွားတတ်တာ..စသည်ဖြင့်ပေါ့..ကျွန်မရဲ့ တိရိစ္ဆာန်ဦးနှောက်က..အသုံးပြုတာများလွန်းတော့ အင်အားကြီးနေခဲ့ပုံရပါတယ်


နောက်ပိုင်း စာတွေရေးရင်းနဲ့..ကိုယ့်စာတွေကို အများသူငါက တန်ဖိုးထားပြီးဖတ်လာကြတဲ့အခါ

ကောင်းတာတွေပဲကြိုးစားပြီးရေးတော့မယ်....အကုသိုလ်မဖြစ်အောင်ဘဲ..တတ်နိုင်သမျှရေးတော့မယ်လို့..

သံဒိဌာန်ချခဲ့ပါတယ်..အဲတော့..ကျွန်မ ကိုယ်တိုင်ကောင်းတာကို စတွေးမိပါပြီ..ကျွန်မရဲ့.. လူသားဦးနှောက်ဟာ..တဖြည်းဖြည်း အလုပ်လုပ်လာခဲ့ပါပြီ..


အရင်ကလုံးဝ ကြည့်လို့မရခဲ့တဲ့သူတွေနဲ့တောင် ရခဲ့ပါတယ်..မုန်းခဲ့တဲ့သူကိုလည်း ပြုံးပြလို့ရခဲ့တယ်..

ကိုယ့်စိတ်ကြည်လင်မှုကို ညစ်နွမ်းစေမဲ့အတွေးတွေ လုံး၀မတွေးဘဲနေလိုက်တယ်..


ကျွန်မဦးနှောက်ရဲ့ရှေ့ခြမ်းက..လူဦးနှောက်ဟာ..အတော်ကြီးနေပြီလို့..ကျွန်မခံစားရပါတယ်..လိုအပ်တဲ့အချိန်ကလွဲလို့..အားထုတ်မသုံးတော့တဲ့..အနောက်ဘက်ခြမ်းက တိရိစ္ဆာန်ဦးနှောက်ကတော့..တဖြည်းဖြည်း ကျုံ့၀င်သွားတယ်လို့ ကျွန်မထင်ပါတယ်..


အရာရာဟာ..အလေ့အကျင့်ပါပဲ..ကောင်းတာဖြစ်ချင်ရင် ကောင်းဖို့ပြောင်းလဲနိုင်တဲ့ စိတ်ကိုကျင့်ယူပါ..

တစ်ချိန်တော့..ပြောင်းလဲသွားမှာပါ..


ကျွန်မလည်း..အမြဲ ကြိုးစားနေပါတယ်..


မွန်ဟော်စီ

၂၀၂၀ ဇန်နဝါရီ


#ဟန်ချက်ညီသောဘဝ

#မနက်စာအာဟာရ


104 views0 comments

Comments


bottom of page