ကျွန်မဆိုရင် လေးတန်းလောက်ရောက်တော့ ငါးတန်းမရောက်သေးဘူးလား၊ မြန်မြန်ရောက်လိုက်ပါတော့လို့ စိတ်စောနေမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးတန်းရောက်ရင် လုံချည်ဝတ်ရတဲ့အတွက်ကြောင့် လုံချည်ဝတ်ပြီးအပျိုလုပ်ချင်လို့ပါပဲ။ လုံချည်ဝတ်ရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် အလယ်တန်းရောက်သွားပြီ၊ လူရာဝင်သွားပြီ။ လူကြီးဖြစ်သွားပြီလို့ အထင်ရောက်တာဖြစ်ပါတယ်။
တကယ် ၅တန်းရောက်တော့လည်း ၁၀တန်းဘယ်တော့ရောက်မှာလဲမသိဘူးလို့တွက်ကြည့်နေမိပြန်ရော။ ခုနစ်သက္ကရာဇ်တွေချရေးပြီး သြော်ငါကတော့ ဆယ်တန်းရောက်ဖို့ ဘယ်နှနှစ်လိုသေးတယ်။ တစ်ထောင့်ကိုးရာ ဘယ်နှခုနှစ်ဆိုရင် ငါကဆယ်တန်း ရောက်နေပြီလို့တွေးတာပါ။ ဒါကလူတွေရဲ့ပုံမှန် စိတ်နေ၊ စိတ်သဘာဝပဲလို့ထင်ပါတယ်။
အခုအသက်၄၀ကျော်တဲ့အခါမှာ အသက် ၆၀ ဝန်းကျင် အမျိုးသမီးတွေကို လိုက်ကြည့်မိပါတယ်။ သူတို့ကိုစိတ်ဝင်စားလာပါတယ်။ သူတို့ဘဝကို ဘယ်လိုပုံစံနဲ့ဖြတ်သန်းသွားနေကြသလဲ။ သူတို့ Life style ဘယ်လိုရှိလဲ။ ဒီအရွယ်မှာ သူတို့ဘာတွေတွေးနေမိပြီလဲဆိုတာကို သိချင်နေမိပြန်ပါတယ်။
ကျွန်မပတ်ဝန်းကျင်မှာ ချစ်ခင်အားကျရတဲ့ အမျိုးသမီးမိတ်ဆွေနှစ်ယောက်ရှိပါတယ်။ နှစ်ယောက်စလုံးက အသက်၆၀ စွန်းစအရွယ်တွေပါပဲ။ နှစ်ယောက်စလုံး ကိုယ်တိုင်ကားမောင်းပါသေးတယ်။
တစ်ယောက်ကတော့ တောင်ပုံမြို့လေးတစ်မြို့မှာ သာသာယာယာ တစ်ယောက်တည်းနေပါတယ်။ သီချင်းဆိုလိုက် တရားနာလိုက် အေးအေးဆေးဆေးပါပဲ။ သူနဲ့စကားပြောတော့ သူများတွေကြောက်ကြောက်ရွံ့ရွံ့ တုန်ချိတုန်ချိ မပြောရဲမဆိုရဲတွေကို မတွန့်မဆုတ်ဘဲ စကားပြောတတ်တဲ့ပုံစံကိုတွေ့ရတယ်။ ဘယ်ကိစ္စမှာမဆို သူမှန်နေတယ်ဆိုရင် ဘာကိုမှမကြောက်ဘူး။ ဘယ်သူနဲ့စကားပြောရမလဲ။ ပြောရဲတယ်ဆိုတဲ့ စိတ်သဘာဝမျိုးရှိတာဖြစ်ပါတယ်။
အသက် ၆၀ ဆိုတာလူကြီးဖြစ်နေပြီ။ အသက်၄၀မှာ ဘဝအတွေ့အကြုံတွေတော်တော်များခဲ့ပြီဆိုရင် အသက်၆၀ဟာ အဲဒီထက်ကို ပိုပြီးရင့်ကျက်တဲ့အတွေးအခေါ်တွေ သတ္တိတွေ အတွေ့အကြုံတွေရှိနေတာဖြစ်ပါတယ်။ ဒါဟာအားကျစရာပါပဲ။
နောက်တစ်ယောက်ကတော့ ကျွန်မမိတ်ဆွေညီမလေးတစ်ယောက်ရဲ့အမေပါ။ အဲဒီအစ်မကလည်း အသက်၆၀စွန်းစမှာ ခုအချိန်ထိ gym သွားသေးတယ်။ အိမ်မှုကိစ္စအကုန်လုံးလုပ်နိုင်တယ်။ သူ့ကိုကြည့်လိုက်ရင် အိမ်ထဲမှာလည်း တစ်ခုမဟုတ်တစ်ခုလုပ်နေတာပဲ။ အပင်စိုက်တာ၊ အလုပ်သမားတွေကို ညွှန်ကြားတာ အစရှိသဖြင့် လုပ်နေတာကိုတွေ့ရတတ်တယ်။ အနောက်နိုင်ငံမှာနေတဲ့သမီးဆီကို တစ်ယောက်တည်းသွားနေလိုက်၊ ပြန်လာလိုက်၊ အဖော်မပါတစ်ကိုယ်တည်း သွားတတ်လာတတ်ပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ Live style ကို တော်တော်သဘောကျပါတယ်။ ကိုယ်အဲဒီအရွယ်ရောက်ရင် အဲဒီလိုမျိုးပဲနေချင်တယ်လို့ စိတ်ကဖြစ်မိတယ်။
အဲဒီလိုမျိုးဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာကို စဉ်းစားကြည့်တော့အချက် ၄ ချက်တွေ့ပါတယ်။
၁။ ငွေကြေးခိုင်မာတောင့်တင်းတယ်။
ဒီအမျိုးသမီးနှစ်ယောက်က တစ်ယောက်က အိမ်ထောင်ကွဲဖြစ်ပါတယ်။ တစ်ယောက်က မုဆိုးမဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်။ ကိုယ့်လုပ်စာကိုရှာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးမှာ ရှိနေကြတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်က အဲဒီလိုအသက်အရွယ်အထိ အဲဒီလို Life style နဲ့ နေချင်တယ်ဆိုရင် ဘယ်အရွယ်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ဘဝရဲ့ Target တွေ ပန်းတိုင်တွေ အကုန်ပြည့်မီလာခဲ့ဖို့လိုပါတယ်။ ဆိုလိုချင်တဲ့သဘောကတော့ တကယ်အလုပ်လုပ်ရမယ့်အချိန်မှာ တကယ်ပိုက်ဆံရှာရမယ့်အချိန်မှာ တကယ်ကိုသေသေချာချာလုပ်ခဲ့ ရှာခဲ့တဲ့အတွက် ဒီအသက်အရွယ်မှာ အခုလိုနေနိုင်တာမျိုးလည်းဖြစ်ပါတယ်။
၂။ ကျန်းမာရေးကောင်းအောင်နေတယ်။
ကိုယ့်ကိုယ်ကိုယ်တော်တော်ဂရုစိုက်တယ်။ Gym မှာ ဘယ်သူနဲ့ဘယ်လိုကစားတယ်ဆိုတာမျိုးထက် နေ့စဉ်ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တယ်။ လမ်းလျှောက်တာ၊
အချိုရှောင်တာ၊ ဆီကြော်ရှောင်တာ၊ Fit ဖြစ်အောင်နေတာ၊ မတည့်တာမစားတာ၊ ဆီးချိုသွေးတိုးမဖြစ်အောင်နေတာ အစရှိသဖြင့် ကိုယ်ခန္ဓာကျန်းမာရေးကိုအတော်ဂရုစိုက်ခဲ့ကြတာကို တွေ့ရတယ်။ ပါးစပ်ကို အရမ်းအလိုလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေတာနဲ့တူတူပါပဲ။ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်တယ်ဆိုတာ Self Respect ပါပဲ။
၃။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး Mental Well Being ကိုလည်း စောင့်ရှောက်တယ်။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာ သားသမီးတွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ် တခြားလူမှုဆက်ဆံရေးတွေမှာပဲဖြစ်ဖြစ် သူများအပူကို ကိုယ့်အပူမလုပ်ဘဲ အေးအေးချမ်းချမ်းနေတတ်တာဖြစ်ပါတယ်။ အတွယ်အတာတွေ သံယောဇဉ်တွေကို လျှော့ထားတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။ ပေါ့ပေါ့ပါးပါးနေတတ်တယ်။ တခြားသူတွေရဲ့အမြင်ကိုသိပ်ဂရုမစိုက်ဘူး။ ကိုယ့်ဟာကိုယ်စာဖတ်မယ်။ ပုံဆွဲမယ်။ အပင်စိုက်မယ်။ သီချင်းဆိုမယ်။ ဂစ်တာတီးမယ် အစရှိသဖြင့် ဘဝကို ပေါ့ပေါ့ပါးပါးနေတတ်တာကိုတွေ့ရတယ်။
၄။ ဘဝမှာရည်မှန်းချက်တွေ အပြည့်ရှိနေတယ်။
အသက်၆၀ကျော်ပြီ အိုပြီး သွားရခါနီးပြီ ဘာမှမရှိတော့ဘူးဆိုတာမျိုးမဟုတ်ပဲနဲ့ ပစ္စုပ္ပန်မှာ အကောင်းဆုံးနေထိုင်ရင်း သူတို့ဆီမှာ အနာဂတ်ရှိနေတာဖြစ်ပါတယ်။ လုံးဝစိတ်ဓာတ်မကျဘူး။ တစ်ယောက်ကဆိုရင် သူအဝေးကြီးသိပ်မတွေးဘူး။ ဒီနှစ်မွေးနေ့ကနေ နောက်နှစ်မွေးနေ့အထိ ငါဟာ အကျန်းမာဆုံး၊ အပျော်ရွှင်ဆုံး နေနိုင်အောင် ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်မယ်၊ တာဝန်ယူမယ်လို့ပဲတွေးပါတယ်တဲ့။
တစ်နှစ်စာ Plan နဲ့သွားနေပြီး အဲဒီအချိန်အတွင်းမှာ အကောင်းဆုံးနေမယ်ဆိုတဲ့ တာဝန်ယူမှုမျိုးကို လေးစားမိပါတယ်။
ဒီအရွယ်မှာ ဒီလိုနေနိုင်တာ သားသမီးကံကောင်းလို့ မျိုးရိုးဗီဇအရကို ကျန်းမာတဲ့ကိုယ်ခန္ဓာကိုယ်ရလို့ ငွေရှာနိုင်ခဲ့တယ်ဆိုတာလည်း အခွင့်အရေးတွေရခဲ့လို့အစရှိသဖြင့် ပြောနိုင်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ကြည့်တဲ့အခါမှာ ဒီလိုအချက်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာဖြစ်ကြောင်း သိသာစေတာတော့အမှန်ပဲဖြစ်ပါတယ်။
ဒီအသက်အရွယ်မှာ ဒီလိုပုံစံနဲ့ ဘာဖြစ်လို့နေနိုင်သလဲဆိုရင် ပိုက်ဆံရှိလို့နေနိုင်တာပါ။ ပိုက်ဆံနဲ့ပတ်သက်ပြီး မပူရတဲ့ဘဝကိုရခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အဲဒီလိုဘဝကိုရခဲ့တယ်ဆိုတာ အလုပ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ဖြစ်တယ်။ ဒီလိုအလုပ်တွေလုပ်ခဲ့၊ လုပ်နိုင်ဖို့ဆိုတာက ဝမ်းစာဖြည့်တင်းခဲ့ရတယ်။ ပညာလိုတယ်။ အတွေ့အကြုံလိုတယ်။
သူတို့ဘဝမှာ ကျရှုံးခဲ့တာတွေလည်းရှိမယ်။ စွန့်လွှတ်ခဲ့ရတာတွေလည်းရှိမယ်။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ဟာ အသက်အရွယ်တိုင်းမှာ သူလုပ်ရမယ့်အလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တယ်။ ပညာသင်ရမယ့်အချိန်မှာ အကောင်းဆုံးသင်ခဲ့တယ်။ အလုပ်လုပ်ရမယ့်အချိန်မှာ အကောင်းဆုံးလုပ်ခဲ့တယ်။ ကိုယ့်ခြေထောက်ပေါ်ကို အကောင်းဆုံးရပ်တည်နိုင်ခဲ့တယ်။ ကိုယ့်ရဲ့ကိုယ်နဲ့ စိတ်ကျန်းမာရေးကို အများကြီးအကောင်းဆုံးဖြစ်အောင် ဂရုစိုက်နေထိုင်ခဲ့တယ်။ အချိန်တိုင်းမှာ အကောင်းဆုံးဖြစ်အောင်နေခဲ့တဲ့အတွက် အနာဂတ်ဟာ ဘာမှပူပန်စရာမလိုတော့ဘူး။ အခုချိန်မှာ အကောင်းဆုံးနေတာဟာ နောက်လာမယ့်အချိန်အတွက် အကောင်းဆုံးအစီအမံကို ချမှတ်နေခြင်းပဲဖြစ်ပါတယ်။
ဒီအမျိုးသမီးနှစ်ယောက်ထဲနဲ့တော့ အမျိုးသမီးတွေအားလုံး ကိုယ်စားပြုတာမဟုတ်ပါဘူး။ ကျွန်မတို့ဖြတ်သန်းနေရတဲ့အတွေ့အကြုံတွေ ဘဝအနေအထားတွေကလည်း တစ်ယောက်နဲ့တစ်ယောက် တူကြတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်ချစ်ခင်ရတဲ့အားကျရတဲ့ Inspire ဖြစ်ရတဲ့ အမျိုးသမီးနှစ်ယောက်ကို မျက်စိမှာမြင်မိတဲ့အတွက် အတုယူစရာကောင်းတဲ့အကြောင်းလေးတွေ ဝေမျှလိုက်ရတာဖြစ်ပါတယ်။
မွန်ဟော်စီ
၂၀၂၄
Comments