ဆုတောင်းမှုတွေပြည့်ဖို့ သင်သတိထားဖို့လိုတဲ့အချက်များ
- Feb 23
- 1 min read

သိကျွမ်းခဲ့ဖူးတဲ့မိတ်ဆွေတစ်ယောက်က သူ့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက ဟုန်းဟုန်းတောက်နေအောင်ချမ်းသာဖို့ပဲ။ တကယ်လည်း အဲဒီလိုချမ်းသာတဲ့ဘဝကို ရလာခဲ့ပါတယ်။
အဲဒီလိုချမ်းသာဖို့လည်း အလုပ်တွေအများကြီးလုပ်၊ အများကြီးကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငွေကြေးဥစ္စာစည်းစိမ်ချမ်းသာနဲ့ ပြည့်စုံသလောက် သူ့ဘဝမှာ စိတ်ရှုပ်ရတာ၊ သူ့လုပ်ငန်းတွေမှာ ပြဿနာရှင်းရတဲ့ကိစ္စတွေကလည်း တော်တော်များပါတယ်။ အဲဒီအခါမှာ သူပြောတာက ဘ၀မှာအများကြီးရှိလာခဲ့တယ်။ ဒါပေမဲ့ စိတ်ပျော်ရွှင်မှုကိုမရဘူး။ ငြိမ်းချမ်းမှုကိုမရဘူး။ ဆုတောင်းမှားခဲ့ပြီထင်တယ်လို့ပြောပါတယ်။ ချမ်းသာဖို့ပဲဆုတောင်းပြီး ငြိမ်းချမ်းမှုကိုတော့ ဆုမတောင်းခဲ့မိဘူးပေါ့။
ညီမတစ်ယောက်ဆိုရင် သူအရမ်းနေချင်တဲ့နိုင်ငံတစ်ခုရှိတယ်။ အဲဒီနိုင်ငံမှာနေရဖို့က သူ့ရဲ့ရည်မှန်းချက်၊အိပ်မက်ဖြစ်တယ်။ အဲဒီကိုရောက်ဖို့ အများကြီး ကြိုးစားခဲ့တယ်။ တကယ်လည်းအဲဒီနိုင်ငံကို ရောက်သွားတယ်။ ဒါပေမဲ့ မိသားစုကတော့ မပါသွားခဲ့ဘူး။ မိသားစုနဲ့အတူတူ ငြိမ်းချမ်းပျော်ရွှင်စွာ နေရဖို့ဆိုတဲ့ဆန္ဒပြုမှုလေးတစ်ခုကို Focus မလုပ်ခဲ့မိဘူးလို့ ပြောတာကြုံဖူးတယ်။
တစ်ယောက်ဆိုရင် သူချစ်တဲ့သူတစ်ယောက်ဆီက လက်ခံမှုကိုရဖို့ ဆန္ဒပြုတယ်။ ဆုတောင်းတယ်။ Manifest လုပ်တယ်။ အသည်းအသန်ကြိုးစားခဲ့တယ်။ တကယ်လည်းရလာတယ်။ဒါပေမဲ့ သူလိုချင်တာနဲ့ထပ်တူထပ်မျှတော့မဟုတ်ဘူး။ အဲဒီတစ်ယောက်နဲ့ Relationship တော့ ဖြစ်သွားတယ်။ သူလိုချင်တဲ့အချစ်၊ ကြင်နာမှု၊ ကတိကဝတ် ရေရှည်ရည်မှန်းချက်ပန်းတိုင် ဘာမှမပါတဲ့ Relationship မျိုးဖြစ်တယ်။ လိုချင်တာတော့ရတယ်။ ဒါပေမယ့် စိတ်ချမ်းသာရသလားဆိုတော့ လုံးဝစိတ်မချမ်းသာရပါဘူး။ ဒါကလည်း ဆုတောင်းမှားတာပါပဲ။
ဘဝမှာ ဘာမှမလုပ်ဘဲ ရှုခင်းလှတဲ့နေရာတွေမှာနေချင်တယ်လို့ ပြောခဲ့တာ၊ ဆန္ဒပြုမိခဲ့တာက တိတ်ဆိတ်တဲ့ တောတောင်ဒေသတွေထဲရောက်သွားပြီး အလုပ်ကျတော့ ဘာမှမရှိ၊ ပိုက်ဆံလုံးဝမရတော့တာမျိုး ဖြစ်တတ်တယ်။
ငါတစ်ယောက်တည်းနေချင်တယ်။ တစ်ယောက်တည်းနေရရင်ကောင်းမှာပဲဆိုတဲ့ ဆန္ဒပြုမှုက ဘဝမှာ လုံးဝအထီးကျန်သွားတာမျိုးဖြစ်နိုင်တယ်။
စိတ်ကူးယဉ်ခဲ့ဖူးတဲ့ဘဝနဲ့ အခုအခြေအနေက ထပ်ထူကျတာဖြစ်ချင်ဖြစ်နေတယ်။ ဒါပေမယ့် တစ်နေရာရာမှာတော့ လိုအပ်ချက်ကလေးတွေ ဟာကွက်လေးတွေရှိနေတတ်တဲ့အခါတစ်ခုခုတော့မှားနေခဲ့ပြီဆိုတဲ့ ခံစားမှုမျိုးပေါ်လာတယ်။
ဒါကြောင့်ဆုတောင်းတွေလုပ်တဲ့အခါမှာ၊ဆန္ဒပြုတဲ့အခါမှာ စကားလုံးတွေ Intention လို့ခေါ်တဲ့ ရည်ရွယ်ချက်တွေကို သေသေချာချာသတိထားရပါတယ်။ ငြိမ်းချမ်းမှု ၊ပျော်ရွှင်မှုတွေကို ရှေ့တန်းတင်ရတယ်။ ကိုယ်တစ်ယောက်တည်းရဲ့ဆန္ဒမဟုတ်ဘဲ အများအတွက်ကိုလည်းကြည့်ရပါတယ်။
လူတွေက ဆုတောင်းတတ်ကြပါတယ်။ ဆုတောင်းတွေမှာ လူတွေရဲ့ အသိဥာဏ်နဲ့ နှလုံးသားဆန္ဒတွေ ထင်ဟပ်နေလေ့ရှိတယ်။ ငယ်ငယ်တုန်းက နားထောင်ခဲ့ရဖူးတဲ့ သုဝဏ္ဏသာမဇာတ်ထဲမှာ သားရွှေအိုးထမ်းလာတာ မြင်ရပါစေဆိုတဲ့ ဆုတောင်းက ဆုတောင်းတဲ့သူရဲ့ အသိဉာဏ်နဲ့နှလုံးသားကို ဖော်ပြနေတာဖြစ်ပါတယ်။
ဆုတောင်းတွေနဲ့ပတ်သက်တဲ့အကြောင်းကိုတွေးမိတော့ ကျွန်မစိတ်ထဲမှာ သိလာတာတစ်ခုလည်းရှိတယ်။ ထိုင်ပြီးဆုတောင်းနေလို့တော့ ဘာမှဖြစ်ဘာမှာမဟုတ်ဘူး။ ဆုတောင်းပြီး ..ပြည့်လာတယ်ဆိုတဲ့လူတွေက ကြိုးစားအားထုတ်မှုတွေအများကြီးလုပ်ခဲ့တဲ့သူတွေပါပဲ။ အဲဒီတစ်ခုကိုရဖို့သူတို့ အများကြီးကြိုးစားခဲ့တယ်။ ဒါကြောင့် ဆုတောင်းတွေပြည့်ဖို့ဆိုတာ ကံဆိုတဲ့အလုပ်တွေ၊စေတနာတွေလည်းပါနေတာအသေအချာပါပဲ။
ပိုက်ဆံတွေအများကြီးရပါစေလို့ ဆုတောင်းခဲ့သူဟာ ပိုက်ဆံရရာရကြောင်း လုပ်နိုင်တဲ့နည်းလမ်းတွေကို သိရမယ်။ ကြိုးစားချင်တဲ့စိတ်၊ မပျင်းရိတဲ့စိတ်မျိုးရှိရမယ်။
အသက်ရှည်ကျန်းမာချင်လို့ "ကျန်းမာပါစေ" လို့ ဆုတောင်းတဲ့သူဟာ ကျန်းမာရေးကို တန်ဖိုးထားပြီး ကိုယ်တိုင်လည်း ထိန်းသိမ်းဖို့လိုမယ်မဟုတ်လား။
ချမ်းသာချင်လို့ "ချမ်းသာရပါစေ" လို့ တောင်းခဲ့ရင် တခြားသူတွေရဲ့ ချမ်းသာမှုကို ဝမ်းသာတတ်တဲ့စိတ်လည်း ရှိဖို့လိုလိမ့်မယ်။
မှားယွင်းခဲ့တဲ့ဆုတောင်းတွေကိုဘယ်လိုပြန်ပြီးပြင်ဆင်နိုင်မလဲ။
ဒီမေးခွန်းဟာ ပညာသားပါတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က #ကံ ဆိုတဲ့ Webinar မှာ တက်ရောက်သူတစ်ယောက်မေးတဲ့ မေးခွန်းတစ်ခုပါ။ မေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မှားယွင်းခဲ့တဲ့ဆုတောင်းတွေကို ဆုတောင်းခြင်းနဲ့ပဲ ပြန်ပြီးချေဖျက်ပြင်ဆင်နိုင်ပါတယ်လို့ ဖြေခဲ့ပေးပါတယ်။
မင်းကုသနဲ့ပဘာဝတီရဲ့ ဇာတ်လမ်းမှာ ပဘာဝတီက မင်းကုသနဲ့ ဘယ်တော့မှမဆုံရပါစေနဲ့လို့ ဆုတောင်းတယ်။ မင်းကုသက ပဘာဝတီနဲ့ အမြဲဆုံခွင့်ရပါစေလို့ ဆုတောင်းတယ်။ ဆန့်ကျင်ဖက်ဖြစ်နေတဲ့ဆုတောင်းနှစ်ခုပါ။ ဒါပေမယ့် ဘုန်းကံပိုပြီးတော့ကြီးမားတဲ့သူရဲ့ဆုတောင်းက ပြည့်တဲ့အတွက် မင်းကုသရဲ့ဆုတောင်းက ပြည့်ပါတယ်။
ဒီဇာတ်လမ်းလေးကိုကြည့်ရင် တစ်ယောက်ကတောင်းတဲ့ဆုကို တစ်ယောက်က ဆုတောင်းနဲ့ပဲ ပြန်ပြီးချေဖျက်နိုင်တာကိုတွေ့ရတယ်။ အဲဒီလိုချေဖျက်နိုင်ဖို့ဆိုတာက ဆုတောင်းတဲ့သူရဲ့ဘုန်းကံကြီးဖို့၊ သီလသမာဓိပညာပြည့်စုံဖို့လိုတာကို တွေ့ရပါတယ်။
သဘောကတော့ ကိုယ့်ရဲ့ဆုတောင်းတွေပြည့်ချင်တယ်၊ ဘဝမှာမှားခဲ့တဲ့ဆုတောင်းတွေကို ပြင်ဆင်ချင်တယ်ဆိုရင် ကိုယ်က သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံနေတဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။ အဲဒီလိုပြည့်စုံတဲ့သူတွေဟာ ဘုန်းကံလည်းကြီးမားကြတယ်။ ဉာဏ်ပါတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ဘဝကို ပြန်ပြီးလမ်းကြောင်းတည့်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။
အေးချမ်းပြည့်စုံ-အောင်မြင်ပျော်ရွှင်-ရွှင်လန်းကျန်းမာ-တည်တံ့ခိုင်မာ
အဲဒီလို ကောင်းမွန်တဲ့၊သန့်ရှင်းတဲ့အတွေးတွေ၊ စကားလုံးတွေ၊ သက်ရောက်မှုမျိုးတွေပါဝင်အောင် ဆုတောင်းတဲ့အခါ စိတ်ကို ရည်သန်အာရုံပြုလိုက်ပါ။ ပါးစပ်ကပြောလိုက်မိတဲ့စကားလုံးတွေ၊အတွေးထဲကဖြစ်ပေါ်လာတဲ့တွေးလုံးတွေကို သတိထားဖို့လိုပါတယ်။ သတိကပ်ဖို့လိုပါတယ်။
လူတစ်ယောက်က ကံကောင်းတယ်၊ ဆုတောင်းတွေပြည့်တယ်ဆိုတာ သူ့ရဲ့လုပ်ဆောင်ချက်တွေ စိတ်နေစိတ်ထားတွေနဲ့ အများကြီးပဲသက်ဆိုင်ပါတယ်။ ဘာတွေလုပ်လဲ၊ ဘာတွေပြောလဲ၊ ဘာတွေတွေးလဲ။ ဒါတွေက လူတွေရဲ့ ဘဝကို ပြဌာန်းတဲ့အချက်တွေပါပဲ။
သီလ၊ သမာဓိ၊ ပညာဆိုတာ ဆုတောင်းခြင်းကို ပိုပြီးတော့ပြည့်စုံဖို့ အကြောင်းပြုတဲ့အရာတွေဖြစ်တယ်။ ဆုတောင်းတယ်ဆိုတာ လိုချင်တာတွေကို ပြောဆိုခြင်းသာမကဘဲ လိုအပ်မှုရှိနေတဲ့ ကိုယ့်ရဲ့ စိတ်စေတနာကံအကြောင်းတရားတွေကို ပြင်ဆင်ဖို့ သတိပေးခြင်းတစ်ခုလည်းဖြစ်တယ်။ ဆုတောင်းတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးခြင်းနဲ့ ကိုယ့်ရဲ့ ကံကိုပြောင်းလဲနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်တယ်။
ဆုတောင်းမှုတွေ ပိုပြီးပညာပါစေ။
အတွေးတွေ ပိုပြီးတည်ငြိမ်ပါစေ။
ဆုံးဖြတ်ချက်တွေ ပိုပြီးရည်ရွယ်ချက်ရှိပါစေ။
မွန်ဟော်စီ
၂၀၂၅