မေတ္တာနှင့် ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်း – တစ်ကိုယ်ကောင်းဆန်မှုမဟုတ်သော တာဝန်ယူမှု
- Mar 17
- 1 min read
Updated: Mar 21

မေတ္တာလို့ပြောလိုက်ရင် တချို့က ကိုယ့်ကိုယ်ကိုယ်အနစ်နာခံပြီး သူများရဲ့ကောင်းကျိုးတွေကို လုပ်ဆောင်မှ မေတ္တာထားနိုင်တယ်လို့ထင်ကြတယ်။ ကိုယ်အနစ်နာခံလိုက်ရတယ်၊ အနစ်နာခံပေးတယ် လို့တွေးလိုက်ပြီဆိုကတည်းက ဒါဟာ မြင့်မြတ်တဲ့မေတ္တာတော့မဟုတ်တော့ဘူး။ မေတ္တာတရားဆိုတာ ကောင်းကျိုးချမ်းသာတွေကို ဆောင်ကျဉ်းပေးနိုင်တယ်ဆိုရင် ဘာဖြစ်လို့ မိမိကိုယ်ကိုသာ ပထမဆုံးအနေနဲ့ ဒီကောင်းကျိုးချမ်းသာတွေကိုဆောင်ကျဉ်းမပေးနိုင်ရမှာလဲ။
ကိုယ်ကအရင်စပြီး မေတ္တာတရားဆိုတာကို လက်ခံ ကျင့်သုံးပြီးတော့မှ တခြားသူတွေဆီကို လက်ဆင့်ကမ်းသင့်တယ်။ လွှမ်းခြုံပေးသင့်တယ်။ ပို့လွှတ်ပေးနိုင်တယ်။ ဖြန့်ကျက်ပေးနိုင်တယ်။ မေတ္တာရဲ့သဘောဟာအင်မတန်ကြီးမားတယ်။
မေတ္တာဟာအင်မတန်ကြီးမားလာပြီဆိုရင်ပညာအနေနဲ့ဖြစ်တည်လာပါတယ်..တဲ့။ ဒါကို Non Discriminative Wisdom လို့ခေါ်ပါတယ်။ ဘုရားရဲ့မျက်စိထဲမှာဆိုရင် သူ့ရဲ့ရင်ကဖြစ်တဲ့သားတော် ရာဟုလာနဲ့ သူ့ကိုအမြဲတမ်းတိုက်ခိုက်နေတဲ့ဒေဝဒတ်ဟာ အတူတူပဲလို့မြင်တယ်။ ဘယ်သူကဘယ်သူမို့လို့ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာခြင်းမရှိတဲ့မေတ္တာပဲ။ ဒီမေတ္တာဟာ နောက်ဆုံးမှာ ဉာဏ်ပညာ Wisdom အထိကို ရောက်သွားတာဖြစ်ပါတယ်။ မေတ္တာရဲ့သဘောကို ပြောရမယ်ဆိုရင် Self-Love ကိုပြောရမှာပဲဖြစ်ပါတယ်။ မိမိကိုယ်ကိုချစ်ခြင်းက ပထမဆုံးနဲ့အဓိကအကျဆုံးပဲဖြစ်တယ်။ ဒါကအရေးကြီးပါတယ်။
မိမိကိုယ်ကိုချစ်တဲ့အခါမှာ စိတ်ကိုနာကျင်အောင်မလုပ်ဘူး။ ပူလောင်အောင်မလုပ်ဘူး။ အဲဒီလိုပဲ စိတ်ကိုပူလောင်နာကျင်ထိခိုက်စေမယ့် အပြုအမူတွေကိုလည်းမလုပ်ဘူး၊ မတွေးဘူး၊ လက်မခံဘူး။ အဲဒီလိုပဲ ကိုယ်ခန္ဓာကိုလည်း ထိခိုက်အောင်မလုပ်ဘူး။
Self-Love ဆိုတာ Healing Journey မှာ အလွန်အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ မိမိကိုယ်မိမိ မကုစားနိုင်ဘဲနဲ့ သူများတွေကိုကုစားနိုင်ဖို့ မေတ္တာတွေပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
ကိုယ့်ကိုယ်ကိုယ်တကယ်ချစ်လာတဲ့အခါမှာ ကိုယ်စိတ်နှလုံး သုံးပါးစလုံး ငြိမ်းနေအောင်နေတတ်လာတယ်။ အာရုံမှာပေါ်လာသမျှအတွေးတွေကို သိမ်းပိုက်ရင်း လောင်မြိုက်နေတာမျိုးမရှိတော့ဘူး။
သူတစ်ပါးကိုကောင်းမွန်စေချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကကောင်းနေဖို့လိုအပ်ပါတယ်။ တစ်ယောက်ယောက်ကို ထူပေးချင်တယ်ဆိုရင် ကိုယ်တိုင်ကပြိုလဲမနေဖို့လိုအပ်ပါတယ်။ တစ်ယောက်ယောက်ကို စိတ်ချမ်းသာစေချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်က စိတ်ဆင်းရဲမနေဖို့လိုအပ်ပါတယ်။
ခက်ခဲတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ဖို့ တာဝန်ယူတတ်ရမှာပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့တာဝန်ယူပါ။ စိတ်ချမ်းသာစေဖို့တာဝန်ယူပါ။ ကောင်းတာတွေလုပ်ဖို့ တာဝန်ယူပါ။ တစ်ကိုယ်စာလေးကိုပဲတာဝန်ယူကြည့်ပေးပါ။ ကိုယ့်ရဲ့ Energy ဟာ တောက်ပတယ်၊ ကြည်လင်တယ်၊ တည်ငြိမ်တယ်၊ အေးချမ်းတယ်ဆိုရင် ဒီအရာတွေဟာ ပထမဆုံး ကိုယ်နဲ့အနီးဆုံးသူဆီကို လွှမ်းခြုံသွားလိမ့်မယ်။ အဲဒီကနေ မိသားစုကို၊ ပတ်ဝန်းကျင်ကို အဆင့်ဆင့်ဖြန့်ကျက်သွားမှာပဲဖြစ်ပါတယ်။
စိတ်တွေဟာ ဘာကြောင့်ဆင်းရဲတတ်ကြလဲ။ စိတ်တွေဟာ အတွေးတွေကြောင့် ဆင်းရဲကြတာဖြစ်ပါတယ်။
အတွေးတွေမရှိအောင် ဘယ်လိုနေရမလဲ။ ပစ္စုပ္ပန်မှာလုပ်နေတဲ့ အလုပ်တစ်ခုပေါ်မှာအာရုံစိုက်ထားတဲ့အခါ အနောက်ကိုပြန်ပြီးတွေးတဲ့အတွေးတွေ၊ အရှေ့ကိုကြိုပြီးတွေးတဲ့အတွေးတွေဟာ ရပ်တန့်သွားမှာပဲဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ သတိပဲဖြစ်ပါတယ်။ မိမိကိုယ်မိမိ သတိရှိနေတယ် Self Awareness ရှိနေတယ်ဆိုရင် အတွေးတွေဟာ ငြိမ်သက်နေမှာပဲဖြစ်ပါတယ်။
ခက်ခဲတဲ့အခြေအနေတွေမှာ အတွေးတွေကလည်း ပူလောင်နေတတ်ပါတယ်။ ကန်ရေပြင်တစ်ခုဟာ ငြိမ်သက်နေပေမယ့် အောက်ကအနယ်တွေကိုတုတ်တစ်ချောင်းနဲ့သွားပြီးမွှေ့တဲ့အခါ ရေတွေနောက်ကျိလာမှာသဘာဝပဲဖြစ်ပါတယ်။ ငြိမ်သက်ခြင်း၊ ကြည်လင်ခြင်းကိုလိုချင်တယ်ဆိုရင် တုတ်လိုမွှေတဲ့ အတွေးတွေကို သတိထားပေးရမှာဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာတဲ့အခါမှာ တန်ဖိုးထားလာပါလိမ့်မယ်။ Self Love ဆိုတာတကိုယ်ကောင်းဆန်တာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်အသိစိတ်ရှိစွာတာဝန်ယူတတ်ခြင်း Self Responsibility ပဲဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ကောင်းအောင်နေထိုင်လိုက်ခြင်းဟာ မိမိပတ်ဝန်းကျင်ကို ကောင်းကျိုးပြုခြင်းနဲ့အတူတူပဲဖြစ်ပါတယ်။
ရိုးရှင်းပါတယ်။
ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာဆက်ဆံပါ၊ သူတစ်ပါးကို မထိခိုက်စေနဲ့။
သူတပါးကိုလည်း ကောင်းမွန်စွာဆက်ဆံပါ၊ ကိုယ့်ကိုယ်ကို မထိခိုက်စေနဲ့။
Treat yourself well, while not harming others.
Treat others well, while not harming yourself.
မွန်ဟော်စီ
2024