top of page
Search

စွဲလမ်းမှုနှင့် လွတ်လပ်သောဘဝ

  • Oct 25, 2023
  • 1 min read

Updated: May 21


Black and white close-up of a car interior, featuring a circular steering wheel with "SRS Airbag" text and a detailed dashboard.

လွန်ခဲ့တဲ့ရက်ပိုင်းကကျွန်မ အရင်တုန်းကစီးခဲ့တဲ့ကားလေးကို လမ်းပေါ်မှာ ပြန်တွေ့တယ်။ ရုတ်တရက် အံသြဝမ်း သာသွားပြီး ကျွန်မအဲဒီကားလေးနောက်ကို အမှုမဲ့ အမှတ်မဲ့ လိုက်နေမိတယ်။


ကျွန်မစိတ်ထဲမှာ အကြာကြီးဝေးကွာနေတဲ့ ..ချစ်ခင်ရတဲ့ကိုယ့်ရဲ့ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်.. မိသားစုဝင်တစ်ယောက်ကို ပြန်တွေ့လိုက်ရသလိုပဲ။


ဒီကားလေးရဲ့ပထမဦးဆုံး ပိုင်ရှင်ကတော့ကျွန်မပါပဲ။ ဒီကားလေးကိုဘယ်နှစ်ခုနှစ်က ဘယ်မှာသွားဝယ်တာ ။ကျွန်မတို့ စိတ်ကြိုက် အရောင်လေး .. ဒီကားလေးနဲ့ခရီးတွေသွားခဲ့တာ..အစရှိသည်ဖြင့် သူနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေလည်းပြန်ပေါ်လာပါတယ် ။


ကျွန်မ အမျိုးသားကိုလည်းတော်တော်သတိရသွားတယ်။ အခုကားပေါ်မှာပါလာတဲ့သူတွေက ဒုတိယပိုင်ဆိုင်တဲ့သူ..သို့မဟုတ် တတိယပိုင်ဆိုင်တဲ့သူစသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ငါးနှစ်ခြောက်နှစ်လောက်အတွင်းမှာ..ကိုယ်အင်မတန်ချစ်ခင်စွဲလမ်းခဲ့တဲ့.. ကိုယ်ဘယ်သွားသွားအတူပါနေခဲ့ဖူးတဲ့ ကားလေးပေါ်..ကိုယ်မသိတဲ့သူတွေ ထိုင်နေခဲ့ကြပြီလေ။ ဒီအတွေးကကျွန်မကို တုန်လှုပ်စေပါတယ်။


တစ်နေ့ကတက်ခဲ့တဲ့ Workshop တစ်ခုမှာဆရာက အခု ကိုယ်နေနေ တဲ့အိမ်ဟာ နောက်အနှစ် ၅၀ ကြာရင် ကိုယ်လုံးဝမသိတဲ့သူတွေ နေနေတော့မှာ ..ဆိုတာကိုသွားသတိရလိုက်မိပါတယ်။


ကျွန်မအိပ်မက်..မက်တဲ့အခါတိုင်း မွေးကတည်းကနေခဲ့ရတဲ့ အဖွားရဲ့အိမ်ကို အမြဲတမ်းမက်ပါတယ်။ အနှစ် ၅၀ တောင်မကြာသေးပါဘူး။ ကျွန်မတို့ဒီအိမ်ကခွာခဲ့ရ ပြီးပြီလေ။ ဒီနေရာမှာ မသိတဲ့သူတွေရောက်နေပြီ။


ဘယ်သူတွေ ပိုင်ဆိုင်နေပြီလဲဆိုတာ မသိပါဘူး။ ကျွန်မတို့အိမ်ပုံစံလည်းမဟုတ်တော့ပါဘူး။ ကျွန်မအနေနဲ့ ဒီနေရာမှာ နေခဲ့ဖူးတယ်လို့သာ ပြောနိုင်တော့တာဖြစ်ပါတယ်။


ဒါပေမဲ့ကျွန်မဘယ်လောက်စွဲလမ်းသလဲ။ အခု အသက် ၄၅နှစ်မှာ အိမ်..ဆိုတာကို အိပ်မက်တဲ့အခါတိုင်းအဲဒီအိမ်ကြီးကိုပဲ မက်ပါတယ်။ အဲဒီအိမ်ထဲကအခန်းတွေ.. ပန်းခြံနဲ့သစ်ပင်လေးတွေ.. ရေချိုးခန်းအိမ်သာတွေကအစ.. ကျွန်မစိတ်ထဲမှာ ခုထိ စွဲမြဲနေတုန်းပါပဲ။ လူကသာအဲဒီမှာမနေတော့တာ..စိတ်ကတော့စိတ်ကတော့နေနေတုန်းပဲ။


အခုဒီစာကိုဖတ်နေတဲ့သူတွေအားလုံးနောက်ထပ် အနှစ် ၅၀ မှာ ရှင်သန်နေဦးမယ်ဆိုရင် အသက်ဘယ်လောက်ရှိနေမလဲ လို့တွက်ဆ ကြည့်စေချင်ပါတယ် ။နောက်အနှစ် ၅၀ ထိကျွန်မရှင်သန်နေဦးမယ်ဆိုရင် ကျွန်မဟာအသက် ၉၅ နှစ်ရှိ နေမှာဖြစ်ပါတယ် ။


ဒီလောက်အထိအသက်ရှည်မယ်ဆိုတာလည်း မသေချာပါဘူးနော်။ ရှင်နေရင်တောင် ကျွန်မအခုနေနေတဲ့အိမ်မှာ နေချင်မှနေနေတော့မှာပါ။အခု ကျွန်မ နေနေတဲ့နေရာမှာ ကျွန်မနဲ့ သွေးသား တော်စပ်တဲ့ သူလည်းဖြစ်နိုင်တယ်.. သွေးသားမတော်စပ်တဲ့သူလည်းဖြစ်နိုင်တယ်..နေနေကြလိမ့်မယ်။


သေချာတာကတော့ကိုယ်နဲ့အလွန်အလှမ်းကွာဝေး ..ကိုယ့်ကိုတောင်သိချင်မှသိတော့မှာဖြစ်တဲ့.. ကိုယ်နဲ့သိပ်မသက်ဆိုင်တဲ့သူတွေ.. မသိတဲ့သူတွေနေနေဖို့များပါတယ်။ ဘယ်လောက်တရားကျစရာကောင်းလိုက်သလဲ ။နေခွင့်ရတဲ့သူ..ထိုက်တန်တဲ့သူတွေ​ နေသွားမှာပဲဖြစ်ပါတယ်


ကျွန်မအမျိုးသားဆုံးတော့ သူ့ပစ္စည်းတွေကို ရှင်းလင်းရပါတယ်။ လူတစ်ယောက်လုံး ဘဝတစ်သက်တာပိုင်ဆိုင်ခဲ့တဲ့ အရာတွေကို ရှင်းလင်းရတယ်ဆိုတာမလွယ်ပါဘူး။ စိတ်ထဲမှာခံစားရတာတွေလည်းရှိတယ်။


စာရွက်အပိုင်းလေးမှာရေးထားတဲ့မှတ်စုတိုလေးကအစ ကျွန်မအတွက် တန်ဖိုးထားစရာဖြစ်ရတယ်။သူ့လက်နဲ့ ထိတွေ့ကိုင်တွယ်ထားတဲ့..သူထားခဲ့တဲ့ အရာမှန်သမျှ ကျွန်မသိမ်းထားချင်နေမိတယ်။ ကျွန်မ ရှိနေတုန်းတော့ ဒီပစ္စည်း တွေဟာ တန်ဖိုးထားစရာဖြစ်နေဦးမှာ အမှန်ပါပဲ။


ကိုယ်မရှိတော့တဲ့အခါ..သူ့ပစ္စည်းတွေဟာ အမှိုက်တွေပဲဖြစ်သွားမှာပါ။


ဒီအိမ်မှာနေခဲ့တယ်။ ဒီပစ္စည်းတွေရှိခဲ့ဖူးတယ်။ ဒီကားလေးကိုစီးခဲ့ဖူးတယ်။ ဒီလူတွေရှိခဲ့ဖူးတယ်။ ဓါတ်ပုံတွေထဲမှာပါခဲ့ဖူးတယ်။ နောက်လူတွေဟာ ဒါတွေကိုသိချင်လည်းသိမယ်။ မသိချင်လည်းမသိဘူး။ မရှိတဲ့လူတွေနဲ့ဘာမှ Personal Connection မရှိတော့ဘူးဘဲ။


ရှင်သန်နေရတာလည်းခဏလေးပါ။ သက်ရှိ..သက်မဲ့အပေါ် စွဲလမ်းမှုတွေကတော့အများကြီးပဲ။ ဆုပ်ကိုင်ထားတာတွေကလည်းမနည်းမနောဘဲ။ ဒီအရာတွေအားလုံးဟာ ကိုယ်နဲ့မသက်ဆိုင်တဲ့သူတွေ..ကိုယ်မသိတဲ့သူတွေလက်ထဲကို ရောက်သွားကြမှာလည်းအမှန်ပါပဲ ။


စဉ်းစားကြည့်ပါ။ ကျွန်မတို့အရမ်းကြိုက်ခဲ့တဲ့ အင်္ကျီလေးတွေ.. နာရီလေးတွေ.. ပိုက်ဆံအိတ်ကလေးတွေ.. နေခဲ့တဲ့အိမ်တွေ ..စီးခဲ့တဲ့ကားတွေ..ချစ်ရတဲ့သူတွေ..။


နှစ်၅၀ မပြောနဲ့ ..ကျွန်မတို့မကွယ်လွန်သေးခင်မှာတောင်ဘယ်လောက်အထိ စွန့်လွှတ်ခဲ့ရပြီးပြီလဲ။ အင်မတန်ချစ်ခင်နှစ်သက်ခဲ့ပေမယ့်..ဘာကိုမှ တသက်လုံး စွဲယူပိုင်ဆိုင်ထားခွင့်မရှိခဲ့ပါဘူး။


လူ့သဘာဝအရစွဲလမ်းမိတတ်တာလည်း အမှန်ပါပဲ။ကောင်းတာလေး နေချင်တယ်..စားချင်တယ်..သုံးချင်တယ်ဆိုတာ မိမိဘဝကိုအေးချမ်းစွာနေထိုင်လိုတဲ့ဆန္ဒပဲဖြစ်စေချင်ပါတယ်။ လောဘနဲ့သွားပြီး မကပ်ညိပါစေနဲ့။ လောဘပါလာရင် စွဲလမ်းမှု Attachment တွေဖြစ်လာတတ်တယ် .. စွန့်လွှတ်တဲ့အခါမှာ နာကျင်ရတယ်။နာကျင်ရခြင်းမှန်သမျှဟာလည်း စွဲလန်းတွယ်တာမှုတွေကြောင့်ပါပဲ။ The root of suffering is attachment.


အိမ်ကြီးရှင် သခင်မကြီးတစ်ယောက်က ကွယ်လွန်သွားတော့ မကျွတ်မလွတ်ဖြစ်ပြီး အိမ်ထဲမှာသူနေရတဲ့နေရာက စတိုခန်းသေးသေးလေးထဲက သေတ္တာပုံးလေးထဲမှာလို့ ဆရာမတစ်ယောက်ပြောပြဖူးပါတယ်။ သူ့သားသမီး..ကျန်ရစ်တဲ့သူတွေကဒီအိမ်ကိုရောင်းတော့မှာမို့လို့ ဖယ်ပေးပါလို့တောင်းပန်တာတောင်..သူမဖယ်ပေးနိုင်ဘူး ..ဘယ်သူ့ကိုပဲရောင်းရောင်း..ဒီအိမ်ကသစ်သားပုံးလေးထဲမှာပဲသူနေနေမယ် လို့ဆိုပါတယ်..သာဓုလည်း မခေါ်ပါဘူးတဲ့။အစွဲအလမ်းတွေဟာအင်မတန်ကြောက်စရာကောင်းပါတယ်။


ကျွန်မတို့က အရာရာကိုဆုပ်ကိုင်ထားကြတာများပါတယ်။သက်ရှိအရာ..သက်မဲ့အရာ.. ချစ်ခြင်းမုန်းခြင်း..စတဲ့စိတ်ခံစားမှုတွေကိုလည်း ထာဝရတည်မြဲနေသလို ဆုပ်ကိုင်ထားတတ်ကြပါတယ်။


နည်းနည်းလေးလွှတ်ချနိုင်တယ်ဆိုရင်နည်းနည်းလေး စိတ်ချမ်းသာရပါတယ် အများအများကြီးလွှတ်ချနိုင်ရင်..အများကြီးစိတ်ချမ်းသာရပါတယ်။


ကုသိုလ်ကိုလည်းမစွဲနဲ့။ အကုသိုလ်ကိုလည်းမစွဲနဲ့။ အရမ်းချစ်တယ်လို့လည်းမဖြစ်နဲ့။ အရမ်းမုန်းတယ်လို့လည်းမဖြစ်နဲ့ ။အရာရာဟာခဏပါပဲ။


အိမ်တွေကားတွေ.. ဥစ္စာပစ္စည်းတွေနဲ့ နေရတယ်ဆိုတာ ရှေးဘဝ ကုသိုလ်ကံတွေလည်းပါတယ်။ အခုအချိန်မှာကောင်းတဲ့ဘဝလေးနဲ့ နေထိုင်နိုင်တယ်ဆိုရင် ဒီလို ဘဝကိုရစေခဲ့တဲ့ အထောက်အပံ့တွေ အားလုံးကို ကျေးဇူးတရားကွင်းဆက်ကြီး တစ်ခုအနေနဲ့ လက်ခံပြီးနေထိုင်လိုက်ပါ။ အချိန်ကျတဲ့အခါ လူတွေရော..ဝတ္ထုတွေရော ချစ်သည်ဖြစ်စေ..မုန်းသည်ဖြစ်စေ အားလုံးစွန့်လွှတ်ထားခဲ့ရမှာပါ


မွန်ဟော်စီ

၂၀၂၃ အောက်တိုဘာ




 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page