top of page
Search

ကျွန်မသူငယ်ချင်းတစ်ယောက်က အင်မတန်အလှအပကြိုက်ပါတယ်။

  • Nov 26, 2024
  • 1 min read


သူ့ဆီမှာ အလှပြင်တဲ့ပစ္စည်းအမျိုးစုံရှိတယ်။ တွေ့တိုင်းလည်း ဝယ်တတ်ပါတယ်။ ဒါပေမယ့် သူအလှပြင်သလားဆို အလှမပြင်သလို ပြင်လည်းမပြင်တတ်ပါဘူး။ သူ့ကိုကြည့်ရင် မျက်နှာပြောင်နဲ့နေပါတယ်။


အဲတော့ သူဝယ်ထားတဲ့ပစ္စည်းလေးတွေ ကျွန်မကို မကြာခဏလာပေးတတ်ပါတယ်။ နင်ဒီလိုလုပ်လိုက်ရင်လှသွားမယ်။ ဒီအရောင်ဆိုရင်တော့ နင်နဲ့လိုက်မှာ အစရှိသဖြင့် ကြည့်ပေးတတ်ပါတယ်။ ကျွန်မ လှလှပပလေးပြင်ထားတယ်ဆိုရင် သူကသဘောကျနေတတ်ပါတယ်။


ဒါကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေဟာ သူကိုယ်တိုင်လှပအောင်မနေဖြစ်ဘူး၊ မနေတတ်ဘူးဆိုရင်တောင်မှ သူ့ရှေ့ကတစ်စုံတစ်ယောက် လှလှပပလေးဖြစ်နေရင် သဘောကျနေတတ်တာမျိုးဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့အလှအပရေးရာ ခွဲခြားလို့မရနိုင်ပါဘူး။


အသက်ဘယ်လောက်ကြီးကြီး အမျိုးသမီးတွေဟာ လှချင်တုန်းပါပဲ။ ကျွန်မရဲ့အမေဆိုရင် အခုအသက်၇၀ကျော်တဲ့အထိ ခြေသည်းလေးတွေ အရောင်ဆိုးတုန်းဖြစ်ပါတယ်။


အလှအပနဲ့ပတ်သက်ပြီး စံနှုန်း Beauty Standard တွေဆိုတာ လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူညီတဲ့ပုံစံနဲ့ရှိနေနိုင်ပါတယ်။ အသက်အရွယ်နဲ့လိုက်ပြီးလည်း ကျွန်မတို့ရဲ့ အလှအပဆိုင်ရာစံနှုန်းတွေဟာ ပြောင်းလဲသွားတတ်ပါတယ်။


တစ်နေ့ကပဲ စာလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။ Hollywood က သရုပ်ဆောင်တွေအတော်များများဟာ ရှိနေတဲ့အသက်ထက် နုပျိုနေအောင် နေကြပေမဲ့ Julia Roberts ဆိုတဲ့မင်းသမီးကတော့ သူ့ ရှိရင်းစွဲအသက်အရွယ်အတိုင်း လှပစွာ အိုမင်းသွားတာကို တွေ့ရတယ်ဆိုတဲ့အကြောင်းလေးပါ။ Julia Roberts က ပြောတယ်။ အိုတဲ့ပုံပေါက်လို့ သူ့ကိုမငှားတော့ဘူးဆိုရင် ကိစ္စမရှိဘူး။ သူ့အသက်အရွယ်နဲ့လိုက်တဲ့အလုပ်ကိုသူ့ဟာသူလုပ်မယ်။ ဒါကလည်း အောင်မြင်မှုတစ်ခုပါတဲ့။ သူ့ဘဝမှာ အရေးကြီးတာက အလုပ်ထက် မိသားစုပါတဲ့။


Julia Roberts က မိသားစုနဲ့ နံနက်စာစားချိန်တွေကို အရေးအပါဆုံးအချိန်လို့ သတ်မှတ်ထားပါတယ်။ "ကျွန်မရဲ့မိသားစုနဲ့ အတူဖြတ်သန်းတဲ့အချိန်တွေဟာ ကျွန်မဘဝရဲ့ အံ့ဖွယ်အချိန်တွေပါပဲ။ ဒီအချိန်တွေက ကျွန်မဘဝကို ပြည့်စုံစေတယ်" တဲ့။


Julia Roberts က ကျွန်မအကြိုက်ဆုံးရုပ်ရှင်မင်းသမီးဖြစ်ပါတယ်။ ရည်ရွယ်ချက်ကောင်းနဲ့ အမြဲရိုက်ကူးတင်ဆက်ထားတဲ့ သူ့ရုပ်ရှင်ကားတွေကို မကြာခဏပြန်ကြည့်ဖြစ်ပါတယ်။ Pretty Woman မှာတုန်းက နုပျိုနေတဲ့သူ့မျက်နှာလေးနဲ့ အခုနောက်ပိုင်းရိုက်တဲ့ကားတွေမှာ လူကြီးပိုင်းနေရာကသရုပ်ဆောင်တဲ့သူ့မျက်နှာရဲ့ရင့်ကျက်မှုတွေ အရေးအကြောင်းတွေကိုသတိပြုမိပါတယ်။


အသက်အရွယ်ကြီးလာခြင်းကို ချစ်မြတ်နိုးပြီး ဂုဏ်ယူတတ်ဖို့ လိုအပ်ပါတယ်။ ဘဝဟာ ရုပ်ရည်နဲ့ တန်ဖိုးထားစရာမဟုတ်ဘဲ စိတ်ဓာတ်နဲ့သာ တန်ဖိုးထားစရာဖြစ်ပါတယ်။ အမြင်မှန်တဲ့ဘဝတစ်ခုနဲ့ စိတ်ငြိမ်းချမ်းမှုရဖို့ပဲ အရေးကြီးတယ်။


ရုပ်ရှင်မင်းသမီးမဟုတ်တဲ့ သာမန်အမျိုးသမီးတွေထဲမှာလည်း ရှိရင်းစွဲအသက်ထက် အများကြီးနုပျိုနေကြတာရှိပါတယ်။ နုပျိုအောင်လည်း နေထိုင်နိုင်တယ်ဆိုတာအားကျစရာပဲဖြစ်ပါတယ်။ မျိုးရိုးကြောင့် နုပျိုခြင်းကိုပိုင်ဆိုင်တာမျိုးရှိသလို ငွေကုန်ကြေးကျခံနိုင်တဲ့အတွက်ကြောင့် လှပနုပျိုခြင်းကို ပိုင်ဆိုင်ရသူတွေလည်းရှိပါတယ်။ Gym မှာ Peronal Trainer နဲ့ လေ့ကျင့်နိုင်တာ၊ အသားအရေနုပျိုတင်းရင်းစေတဲ့ အားဆေးတွေသောက်နိုင်တာ၊ အရေပြားအလှကို ထိန်းသိမ်းပေးတဲ့ Skincare တွေ လုပ်နိုင်တယ်ဆိုတာ ပိုက်ဆံရှိမှာလည်းဖြစ်မှာကိုး။


ဘယ်လိုပဲဖြစ်ဖြစ် နုပျိုလှပဖို့ဆိုတာ ကျွန်မတို့အားလုံးလိုချင်ကြပါတယ်။ ဒါပေမဲ့ သာမန်အမျိုးသမီးတွေအတွက် အဲဒီလိုလှပနုပျိုဖို့ အခြေအနေတွေအဲဒီလောက်မပေးဘူးဆိုရင်လည်း ကိုယ့်အသက်အရွယ်အတိုင်း လှနေနိုင်သေးတာပါပဲ။


ရုပ်ရှင်မင်းသမီးတွေနုပျိုတာကိုကြည့်ပြီး အားကျနေမယ်ဆိုရင် ပျော်ရွှင်ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အသက်နဲ့လိုက်ဖက်အောင်ဝတ်စားရင်းနေထိုင်တတ်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ပျော်ရွှင်ရမှာပဲဖြစ်တယ်။ တကယ်တမ်းမှာ အမျိုးသမီးတစ်ယောက်က ၄၀ကျော်လာတယ်ဆိုရင် ၄၀နဲ့ လိုက်ဖက်ညီတဲ့ လှပမှုမျိုး ကျက်သရေရှိမှုမျိုးရှိရင်လုံလောက်ပါပြီ။


အမျိုးသမီးတစ်ယောက်က အသက်ကြီးလာပြီဆိုရင် အလှအပနဲ့ပတ်သက်ပြီး သိပ်အများကြီးမလိုအပ်တော့ဘူး။ ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်းသက်သောင့်သက်သာနေတတ်ဖို့ကသာ အရေးကြီးတာပါ။ အဲဒီလိုနေတတ်တဲ့ ရိုးရှင်းတဲ့ဘဝက ကိုယ်နဲ့ထိစပ်ပတ်သက်နေသူအားလုံးအတွက် အဓိပ္ပါယ်ရှိစေတယ်။ သူတို့ရဲ့အလှဟာ သူတို့ရဲ့ ရုပ်ရည်မှာမရှိတော့ဘူး၊ သူတို့ရဲ့ သဘောထား၊ စိတ်ထားနဲ့ ရင်ထဲကမေတ္တာတရားပေါ်မှာပဲ ရှိလာတယ်။


အမျိုးသမီးတစ်ယောက်ရဲ့လှပမှုဟာ အသက်ကြီးလာတာနဲ့အမျှ ဉာဏ်ပညာနဲ့အတွေ့အကြုံပေါ်မှာပဲ မူတည်သွားတာဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့အတွက် တန်ဖိုးထားဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၄

See translation


 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page