ခြံထဲမှာ မြေကွက်လပ်ကလေးတစ်ခုရှိပါတယ်။
- Dec 29, 2024
- 1 min read

ဒါပေမဲ့ အဲဒီကွက်လပ်ကလေးမှာ တွန့်လိမ်ကောက်ကွေးစွာပေါက်နေတဲ့ ပန်းစင်ကြီးတစ်ခုနဲ့ သူ့ရဲ့အောက်မှာ ပန်းအိုးအဟောင်းတွေ အကွဲတွေ အုတ်ခဲတွေ ခွေးချီးတွေ တခြားဘာမှန်းမသိတဲ့အပင်တွေ ထိုးထိုးထောင်ထောင်နဲ့ အဲဒီမြေကွက်လပ်ဟာ အိမ်ရဲ့မျက်နှာစာမှာ အတော်ရုပ်ဆိုးပန်းဆိုးဖြစ်နေပါတယ်။
မနှစ်ကတော့ ဒီမြေကွက်ကလေးကို လှလှပပကလေးဖြစ်သွားအောင် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။
ကျွန်မကအဲဒီနေရာလေးကို Outdoor Garden လေးလုပ်ချင်တယ်။ ခုံကလေးတွေ မှီအုံးကလေးတွေနဲ့ လှလှပပပြင်ဆင်ပြီး စာရေးတာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ လက်ဖက်ရည်သောက်တာ အစရှိသဖြင့် ထိုင်ပြီးအနားယူလို့ရတဲ့နေရာလေးတစ်ခုအဖြစ် လိုချင်နေပါတယ်။
ဒါနဲ့ပဲ နှစ်ပေါင်းများစွာ မသေမသပ်ဖြစ်နေတဲ့ပန်းစင်ကြီးကို ဖယ်ပစ်လိုက်တယ်။ အိုးအဟောင်းတွေ အကွဲတွေ အမှိုက်တွေကို ရှင်းထုတ်ပစ်လိုက်တယ်။
မညီမညာဖြစ်နေတဲ့မြေကို အကုန်လုံးညှိပစ်လိုက်တယ်။ ပြီးတော့မှ အဲဒီနေရာတစ်ခုလုံးကို ကွန်ကရစ်လောင်း၊ မြက်ခင်းစိမ်းစိမ်းလေးခင်းပြီး ပတ်ပတ်လည်မှာ ခုံတန်းလေးတွေလုပ်၊ မီးဝါလေးတွေတပ်၊ အလည်မှာအလှဆင်ထီးလေးနဲ့ ထိုင်စရာဆိုဖာလေးတွေ၊ ခေါင်းအုံးလေးတွေနဲ့ပြင်ဆင်လိုက်တော့ ဧည့်သည်တွေလာရင်တောင်မှ အိမ်ထဲကိုမဝင်ချင်ကြတော့ဘူး။ အဲဒီနေရာမှာပဲ ထိုင်ပြီးစားချင်သောက်ချင်၊ ဓာတ်ပုံရိုက်ချင်တယ်လို့ ဖြစ်ကြပါတော့တယ်။
ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ ဒီလိုအဖြစ်အပျက်တွေကိုပဲကြည့်ပြီး သင်ယူပြောင်းလဲလို့ရတဲ့အရာတွေ အများကြီးရှိပါတယ်။
လူတိုင်းဟာကောင်းတဲ့အရာတွေကိုလိုချင်တယ်။ ကောင်းတဲ့အရာဆိုတဲ့အထဲမှာ စိတ်အေးချမ်းတာ၊ သန့်ရှင်းတာ၊ စီးပွားလာဘ်လာဘတိုးတာ၊ အသက်ရှည်ကျန်းမာတာ၊ Relationship တွေကောင်းချင်တာ အစရှိသဖြင့် အများကြီးပါနိုင်ပါတယ်။
ဒါပေမဲ့ ကောင်းတဲ့အရာတွေကို ရယူလက်ခံနိုင်ဖို့အတွက် ဆိုးတဲ့အရာတွေကို အရင်ဆုံးထုတ်ပစ်ရမယ်ဆိုတာကိုတော့ မေ့နေတတ်ကြတယ်။
အအေးဓာတ်တွေလိုချင်တယ်ဆိုရင် ရင်ထဲမှာ တောက်လောင်ပြင်းပြနေတဲ့ ပူလောင်တဲ့မီးတွေကို အရင်ဆုံးငြှိမ်းပစ်ရမှာဖြစ်ပါတယ်။ သန့်ရှင်းတဲ့စိတ်အစဉ်ကိုလိုချင်တယ်ဆိုရင်လည်း ညစ်ပတ်ပုပ်သိုးနေတဲ့စိတ်တွေကို ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။
Energy အဟောင်းတွေကို စွန့်မပစ်ဘဲ Energy အသစ်တွေ ထပ်ထပ်ထည့်လို့မရပါဘူး။ Old energy တွေကို let go completely အလုံးစုံထွက်ခွာခွင့်ပေးရပါမယ်။
ကျွန်မတို့ရဲ့ကိုယ်ခန္ဓာကိုပဲကြည့်မယ်ဆိုရင် လိုသလောက်ကိုပဲယူထားပါတယ်။ မလိုတာတွေကို နေ့စဥ်စွန့်ထုတ်လိုက်ရပါတယ်။ အဲဒီလိုစွန့်ထုတ်လိုက်တာတွေကို အစာဟောင်းတွေလို့ခေါ်ပါတယ် ။
အဟောင်းတွေကို ကျွန်မတို့ကပစ်ပယ်ရပါတယ်။ အဟောင်းတွေကိုထွက်ခွာခွင့်ပေးရပါတယ်။ ကမ္ဘာလောကကြီးမှာ လူတွေ လုံးဝမအို မသေဘဲ အသစ်တွေသာ မွေးဖွားခြင်းရှိမယ်ဆိုရင် ဘယ်လိုနေမလဲ။
ဒါကြောင့် အဟောင်းတွေထွက်ခွာသွားပြီး အသစ်တွေဝင်ရောက်လာခြင်းဟာ လောကနိယာမလည်းဖြစ်ပါတယ်။ သဘာဝလည်းဖြစ်ပါတယ်။ ကိုယ်ခန္ဓာကြီးထဲမှာလည်း မျက်စိတမှိတ်အတွင်းမှာပဲ ဖြစ်ပျက်ဆိုတဲ့ အဟောင်းပျက်ပြီး အသစ်ကအစားထိုးဝင်ရောက်တဲ့ဖြစ်စဉ်ဟာ အချိန်တိုင်းဖြစ်ပေါ်နေပါတယ်။
စွမ်းအင်ဘက်ကို ပြန်လှည့်ရမယ်ဆိုရင်
The old and new energy can't exist together at the same time. လို့ဆိုပါတယ်။
အဟောင်းနဲ့အသစ် စွမ်းအင်တွေဟာ တစ်ချိန်တည်းမှာအတူမရှိနိုင်ပါဘူး။ ရှိလိုက်တဲ့ခဏမှာလည်း မလှမပ အဆင်မပြေတွေ ဖြစ်နေတတ်ပါတယ်။
ပန်းအိုးတစ်အိုးထဲမှာ သေနေတဲ့အပင်ကို ဆွဲမနှုတ်ပစ်ဘဲ အပင်အသစ်ကို ထပ်ထိုးထည့်စိုက်နေမယ်ဆိုရင် အပင်အဟောင်းရော အသစ်ရော ရှုပ်ထွေးနေတဲ့ ပန်းအိုးကြီးဟာ ဘယ်လိုမှအမြင်မတင့်တယ် မလှပနိုင်ပါဘူး။
ဒါကြောင့် ကျွန်မတို့ရဲ့စွမ်းအင်ကို ပြုပြင်တဲ့နေရာမှာ အဟောင်းတွေကိုအရင်ဆုံးစွန့်ပစ်ဖို့ အရေးကြီးတယ်။ မကောင်းတဲ့အမှိုက်တွေရှင်းသွားတော့မှ ကောင်းတဲ့ ကြည်တဲ့ လင်းတဲ့ စွမ်းအင်တွေအတွက် နေရာတွေ လမ်းကြောင်းတွေ ပေါ်ပေါက်စီးဆင်းလာမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့စိတ်ကို အမြဲအနှောက်အယှက်ပေး၊ ဒုက္ခပေး၊ အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေကို မခွဲခွာနိုင်ဘဲ မထားခဲ့နိုင်ဘဲ ကောင်းတဲ့ Relationship တွေကိုခံစားချင်နေလို့ မဖြစ်နိုင်ဘူး။
ဘာမှ မရတာ မရှိတာ မျှော်လင့်ချက်ကင်းမဲ့နေတာတွေကို အာရုံစိုက်ပြီး Abundance တွေ ပြည့်စုံကြွယ်ဝခြင်းတွေဖြစ်လာဖို့ မျှော်လင့်နေလို့မရဘူး။
အဟောင်းထွက်သွားမှ အသစ်လာလို့ရပါမယ်။ အဟောင်းကုန်မှ အသစ်ထည့်လို့ရပါတယ်။
ဒါကြောင့် ဒီလိုအမှိုက်တွေကိုရှင်းထုတ်ပစ်ဖို့မမေ့ပါနဲ့။ နေ့စဉ်တရားအားထုတ်ခြင်းမရှိတဲ့စိတ်အစဉ်ဟာ အမှိုက်တွေပြည့်နေတဲ့ ရေအလျင်တစ်ခုနဲ့တူပါတယ်တဲ့။
နှစ်ဟောင်းတစ်ခု ကုန်ဆုံးဖို့ရက်အနည်းငယ်
ပဲ လိုတော့တာပါ။ နှစ်သစ်ကို ကောင်းတဲ့ အင်အားပြည့်တဲ့ သန့်ရှင်းနေတဲ့ Positive Energy တွေနဲ့ ကြိုဆိုထွေးပွေ့နိုင်ဖို့ ဒီနေ့ကစပြီး ကိုယ့်ဘဝထဲက မလိုအပ်တာတွေ၊ အမှိုက်တွေကို တစ်ရက်ချင်း တစ်လွှာချင်း ရှင်းထုတ်ပစ်စေချင်ပါတယ်။
အိုဟောင်းနေတဲ့နည်းလမ်းတွေ အကြောက်တရားတွေ မကောင်းတဲ့ Negative Energy တွေကို စွန့်လွှတ်ပြီး မေတ္တာတရားအလင်းတွေ ပြည့်နေတဲ့ ဘဝနေထိုင်မှု ပုံစံအသစ်တစ်ခုကို ကြိုဆိုကြည့်လိုက်ကြရအောင်ပါ။
မွန်ဟော်စီ
၂၀၂၁ ဒီဇင်ဘာ
#မနက်စာအာဟာရ