top of page
Search

ခရစ္စမတ်ဆိုတာ နှလုံးသားတွေ ပိုမိုပွင့်လင်းပေါ့ပါးလန်းဆန်းလာပြီး ချစ်ခြင်းမေတ္တာကို အပြန်အလှန် မျှဝေတဲ့ကာလလေးပါပဲ။

  • Dec 25, 2024
  • 1 min read


အရာရာဟာ တောက်ပ လင်းလက်နေတယ်။ ကြည့်မဝရှုမဝချစ်စရာ ကောင်းနေတယ်။ လေကအစ စိုမြလန်းဆန်းတယ်။ ကြည်လင်ရှင်းသန့်တယ်။


တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်တွေပေးကြတယ်။ ဒီအချိန်မှာ ရုပ်ဝတ္ထုပစ္စည်းတွေကို လက်ဆောင်အဖြစ်ပေးကြတာထက် ကျေးဇူးတရား၊ သနားကြင်နာမှု၊ ချစ်ခြင်းမေတ္တာတို့ကို နှလုံးသားနဲ့ မျှဝေနိုင်ခြင်းကလည်း အဓိကကျပါတယ်။


ပေးကမ်းမျှဝေခြင်းက ကိုယ့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်း သို့မဟုတ် ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုကို အခြားသူတွေကို ဝေမျှလိုက်တာပါပဲ။ ပေးကမ်းမျှဝေခြင်းက လူသားတွေကြား စိတ်ခံစားမှုချင်း နီးကပ်စေပါတယ်။


🎄လက်ဆောင်ပေးပါ

ဈေးကြီးတဲ့လက်ဆောင်တွေထက် တစ်ဖက်သူရဲ့ စိတ်နှလုံးကို ထိတွေ့နိုင်စေတဲ့ လက်ဆောင်မျိုးလေးတွေကို ပေးပါ။ ကိုယ့်ရဲ့လက်နဲ့ ဖန်တီးထားတဲ့လက်ဆောင်လေးတွေ၊ သူတို့အတွက် အဓိပ္ပါယ်ရှိတဲ့ စာလေးတွေက နှလုံးသားကိုပိုပီးနွေးထွေးစေမှာပါ။


🎄အချိန်ပေးပါ

မိသားစုနဲ့ ချစ်ရသူတွေအတွက် အချိန်ပေးတာဟာ ခရစ္စမတ်ရဲ့ အရေးကြီးဆုံး လက်ဆောင်ဖြစ်နိုင်ပါတယ်။ ပိတ်ရက်တွေကိုချစ်ရသူတွေနဲ့အတူ ကုန်ဆုံးတာ၊ ညစာအတူစားတာ၊ စကားဝိုင်းဖွဲ့ပြောတာ၊ လက်ဆောင်ပစ္စည်းတွေဖလှယ်တာ စတဲ့ Quality Time ကိုဖန်တီးဖို့လိုပါတယ်။


🎄အကူအညီပေးပါ

ပတ်ဝန်းကျင်မှာ အကူအညီလိုအပ်နေတဲ့သူတွေအများကြီးရှိပါတယ်။ စားနပ်ရိက္ခာအလှူ၊ ကလေးတွေအတွက် လက်ဆောင်မျှဝေမှုအစီအစဉ်တွေမှာ ပါဝင် လို့ရပါတယ်။ တချို့သူတွေရဲ့ လုပ်ငန်းနဲ့ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး ထောက်ခံပေးတာ၊ ကိုယ့်ပတ်ဝန်းကျင်မှာသိအောင် ကြော်ငြာပေးတာကလည်း တစ်မျိုးသော ပေးကမ်းမျှဝေခြင်းပဲ ဖြစ်ပါတယ်။


ရိုးရှင်းတဲ့အပြုအမူလေးတွေက တစ်စုံတစ်ယောက်ရဲ့နေ့ရက်ကို ပြောင်းလဲစေနိုင်ပါတယ်။ ကော်ဖီတစ်ခွက်ဝယ်ပေးတာ၊ စာလေးတစ်စောင်ပို့ပေးတာ၊ သတိရနေကြောင်းကိုဖော်ပြတာမျိုးက သူတစ်ဦးရဲ့နှလုံးသားကို ပိုနက်နက်နဲနဲ လှုပ်ရှားစေတတ်ပါတယ်။


🎄မေတ္တာပေးပါ

မေတ္တာဆိုတာ လူတွေကြားမှာရှိရမယ့် အရေးကြီးဆုံးအရာတစ်ခုပါ။ ချစ်သူတစ်ဦး၊ မိသားစုတစ်စု သို့မဟုတ် တစ်ယောက်ယောက်အပေါ် မေတ္တာထားမှုက မိမိကိုယ်တိုင်ရဲ့အတွင်းစိတ်ကို အရင်ဆုံးအေးချမ်းမှုဖြစ်စေတယ်။ သက်တောင့်သက်သာဖြစ်စေတယ်။ အခြားသူရဲ့ဘဝကိုပါ အလင်းရောင်ရရှိစေပါတယ်။


🎄နားလည်မှုပေးပါ

နားလည်မှုဟာ ချစ်ခြင်းမေတ္တာကို အမြဲတမ်း အားဖြည့်ပေးနိုင်တဲ့အရာတစ်ခုပါ။ တစ်ခါတစ်လေမှာ တစ်ဦးတစ်ယောက်ရဲ့အထင်အမြင်၊ အပြုအမူတွေကို နားလည်ပြီး သူတို့ရဲ့အခြေအနေကို လက်ခံပေးနိုင်ဖို့ လိုအပ်တတ်ပါတယ်။ ဒီနားလည်မှုက စိတ်ချမ်းသာမှုကို ပြန်ပေးစေတတ်ပါတယ်။


🎄စာနာပေးပါ

စာနာမှုက နူးညံ့မှုနဲ့ သနားကြင်နာမှုကို ဖော်ပြတတ်ပါတယ်။ တစ်ခါတစ်ရံမှာ တစ်ဦးတစ်ယောက်ရဲ့နာကျင်မှုကို နားလည်နိုင်ဖို့၊ သူတို့အနားမှာ ရှိနေဖို့ လိုတတ်ပါတယ်။


🎄ခွင့်လွှတ်ပေးပါ

ခွင့်လွှတ်မှုက ခက်ခဲပေမယ့် အရေးအကြီးဆုံးအရာတစ်ခုပါ။ တစ်ဦးတစ်ယောက်ရဲ့အမှားတွေကို ခွင့်လွှတ်ပေးနိုင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်လည်း လွတ်မြောက်စေတတ်ပါတယ်။ ငြိမ်းချမ်းမှုကိုရစေပါတယ်။ ခွင့်လွှတ်မှုက ရှေ့ကအမှားတွေကို ဖြတ်ကျော်ပြီး ပိုကောင်းတဲ့ဆက်ဆံရေးအသစ်တစ်ခုကို စတင်ဖို့ အခွင့်အရေးပေးတတ်ပါတယ်။


ပေးကမ်းမျှဝေခြင်းဟာ မိမိရဲ့စိတ်ထဲမှာ ပျော်ရွှင်မှုနဲ့ ကျေးဇူးတင်မှုတွေကို တိုးတက်စေပါတယ်။ အခြားသူရဲ့ပျော်ရွှင်မှုထဲမှာ ကိုယ့်ရဲ့အပြုံးတွေ၊ ပေးကမ်းမျှဝေမှုတွေ ပါဝင်နေတာကို ခံစားမိတဲ့အခါမှာ ခရစ္စမတ်ရဲ့အဓိပ္ပါယ်ကို သေချာနားလည်မိပါလိမ့်မယ်။


"ကိုယ့်ရဲ့ဘဝကို ပိုပြီးအဓိပ္ပါယ်ရှိစေဖို့ ပေးကမ်းမျှဝေမှုနဲ့ စတင်လိုက်ပါ" ဆိုတဲ့ စကားလေးကို ဒီခရစ္စမတ်မှာ သတိရပြီး မိမိနဲ့ ချစ်ရသူတွေအတွက် လှပတဲ့ နှလုံးသားတွေ ဖန်တီးနိုင်ပါစေ။


မွန်ဟော်စီ

၂၀၂၄ December


 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page