top of page
Search

တခဏတာလွတ်မြောက်ခြင်းထက်ပိုတဲ့ သံသရာမှ လွတ်မြောက်ခြင်း Absolute Freedom ကို ရလာမှာပဲ ဖြစ်ပါတယ်..။

  • Mar 27, 2023
  • 1 min read

Updated: Apr 18, 2023

ငယ်ငယ်တုန်းက အဖေတို့ အမေတို့ ဝတ်ကောင်းစားလှဝတ်ပြီး မင်္ဂလာဆောင်သွားကြတယ်ဆို သိပ်လိုက်ချင်တာပါပဲ..အဖေက ဖိတ်စာကို ပြပြီး သမီးနာမည်ပါလား မေးတယ်..


ကိုယ့်နာမည်မပါရင် လိုက်လို့မရဘူး..မိသားစုဆိုတာပါရင်တော့ သမီးကို ခေါ်လို့ရတယ်..အမျိုး မင်္ဂလာဆောင် ဆိုရင် သမီးလိုက်လို့ရတယ်လို့ ပြောတာကိုမှတ်မိတယ်..အဖေတို့ကတော့ စည်းကမ်းကြီးတယ်..


ဒီတော့ မင်္ဂလာဆောင်လိုက်ရဖို့..အမျိုး မင်္ဂလာဆောင်ပဲ မျှော်ရတာပေါ့..ဦးလေးတွေ..အဒေါ်တွေတန်းစီပြီးမင်္ဂလာဆောင်ကြတာ အင်လျားလိတ် Inya Lake မှာချည်းပါပဲ..


ကလေးဘဝကသွားခဲ့ရတဲ့ပျော်စရာ..မင်္ဂလာဆောင်တွေပေါ့.. အမှန်အတိုင်းပြောရရင်..ထိုင်နေရတာ..နည်းနည်းတော့ပျင်းပါတယ်..သတို့သမီးသတို့သား မလာသရွေ့ လှုပ်လို့ကိုမရဘူး.. ဟိုကြည့်ဒီကြည့်ပဲလုပ်နေရတယ် ..ဟိုပြေး ဒီပြေးလုပ်ချင်လိုက်တာလည်း ရွနေတာပဲ..


ထုံးစံအတိုင်း သတို့သမီး သတို့သား ခမ်းမအပြင်ဘက်ထွက် ဧည့်သည်တွေ နှုတ်ဆက်တဲ့အခါ ခမ်းမထဲမှာ..အရင်းနှီးဆုံးအမျိုးတွေ..မိသားစုတွေ..မိတ်ဆွေတွေပဲ..​ဓာတ်ပုံရိုက်ဖို့

ကျန်ခဲ့ကြတော့တယ်..

အဲဒီအချိန် လုပ်ချင်တာလုပ်လို့ရပြီလေ..စကားလည်း ကျယ်ကျယ်ပြောလို့ရပြီ..အကျယ်​ကြီးရယ်လို့ရပြီ..ဟိုပြေးဒီပြေး..ပြေးလို့ရပြီဆိုတော့ ပျော်တာပဲ..


တစ်ခါတော့..

ကျွန်မနဲ့ ကျွန်မအစ်မ....ညီအစ်မနှစ်ယောက်ဟာ ဘာစိတ်ကူးပေါက်တယ်မသိ ..လှလှပပစီးလာတဲ့ဖိနပ်ကလေးတွေချွတ်ပြီး.. ကြက်ဖခွပ်တော်မူကြပါတယ် ..ကြက်ဖတိန်ညင်တောကိုဝင် ..မောင်ရင်လာ..လေးနဲ့ပစ်...လုပ်နေကြတာပါ..


မှတ်မှတ်ရရကျွန်မတို့နဲ့ အတူထိုင်နေတာက ကွယ်လွန်သွားပြီဖြစ်တဲ့သင်္ချာဆရာကြီးဦးသာဖြစ်ပါတယ်.. ဝဝဖိုင့်ဖိုင့်ကြီးထိုင်ကြည့်နေရင်း ရယ်ပါလေရော..

ကျွန်မအဖေကို ဟေ့ကောင်.. မင်း...သမီးတွေလက်ထက်ကျမှပဲကွာ.. အင်းလျားလိတ်လည်းကြက်ဖခွပ်တဲ့နေရာကိုဖြစ်လို့ ...ဆိုပြီးပြောတာကို..ကျွန်မ..ခုထိမှတ်မိနေပါသေးတယ်..


မင်္ဂလာဆောင်တစ်ခုမှာထိုင်ရင်း..သည်အကြောင်းလေးကိုသတိရလိုက်မိတာပါ..


ကျွန်မ မင်္ဂလာဆောင်တွေ

ရောက်ရင် ဟိုကြည့်ဒီကြည့်နဲ့

စိတ်ကလည်း..တောင်တွေးမြောက်တွေး..တွေးမိတယ် ..

ကလေးတွေမှာ ရယ်နေတဲ့သူနဲ့ ..ငိုနေတဲ့သူနဲ့..လျှောက်ပြေးနေတာနဲ့..ကိုယ့်လို ဆော့တဲ့ ကလေးတွေနဲ့..တွေ့ရတဲ့အခါ ကလေးတွေကိုမင်္ဂလာဆောင်မခေါ်လာသင့်ဘူး ..ကျွန်မ ငယ်တုန်းက.. ကျွန်မ မိဘက ဘယ်လို..ဆိုတာမျိုးတွေ ဖြစ်ခဲ့ဖူးတယ် ..အဲဒီတုန်းက ကျွန်မစိတ်က very strong and opinionated ဖြစ်ပါတယ်..ပြင်းထန်တဲ့ သဘောထားအမြင်တွေရှိတယ်..


ပြီးတော့တစ်ခါ..

လက်ဖွဲ့ဆို..ဘယ်လိုပေးသင့်တယ်..မပေးသင့်ဘူး..ဆိုတာမျိုးတွေလည်းပါတယ်..သတို့သမီး သတို့သားထွက်တဲ့အချိန် ပရိတ်သတ်ဟာ ဘယ်လိုနေသင့်တယ်..ဘာညာ..အစရှိသဖြင့် ကိုယ့်ထင်မြင်ယူဆချက်တွေကို အတော်ရှေ့တန်းတင်ခဲ့တယ်..

တကယ်တော့ လူတွေက မိသားစုတွင်း သွန်သင်ခံရမှုတွေ..ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်တွေ မတူညီကြဘူးလေ..


အခုပြန်စဉ်းစားကြည့်တော့

..ငါ`ကိုဗဟိုပြုပြီးတွေးတွေးနေတော့ ငါနဲ့မတူတာဆို စိတ်က လက်မခံတာ..မကြိုက်တာပါပဲ..


Judgemental ဖြစ်လွန်းတော့ ဘယ်နေရာသွားသွား မကြိုက်တာတွေပဲ တွေ့လာတာများပါတယ်..မင်္ဂလာဆောင်ဆိုလည်း မင်္ဂလာဆောင်တွေမို့လို့..ဆေးရုံဆိုလည်း ဆေးရုံမှာ ဘယ်သူတွေက ဘယ်လို..စားသောက်ဆိုင်ဆိုလည်း စားသောက်ဆိုင်မို့လို့..နောက်ဆုံး အိမ်သာထဲရောက်ရင်တောင် လူတွေက ဘယ်လို စည်းကမ်းမရှိတာ..အစရှိသဖြင့် အရာရာ ကိုယ့်ပေတံနဲ့ လိုက်တိုင်းတော့ ဘယ်တော့မှ ကြည်ကြည်သာသာ မရှိခဲ့တာ အမှန်ပါပဲ..

..သူများတွေလိုက်ကြည့်ပြီး အလိုမကျတာတွေများတယ်..မကျေနပ်တာတွေများတယ် ..စိတ်တွေပင်ပန်းနေတတ်ပါတယ်..


မင်္ဂလာဆောင်တွေမသွားတာလည်း နှစ်ပေါက်အောင်ကြာခဲ့ပါပြီ ..ဟိုတစ်ရက်ကတော့ မင်္ဂလာဆောင်

တစ်ခု သွားတုန်း ကလေးဝိုင်း ဘေးမှာ ထိုင်လိုက်မိတယ် ..


ကျွန်မ..သူတို့ပြောတဲ့စကားတွေနားထောင်နေမိတယ်.. နာရူတိုတို့..ဘာတို့အစုံပါပဲ.. သူတို့ Topic နဲ့ သူတို့ဟုတ်နေတာပဲ..ငြိမ်ရမဲ့အချိန်ကျတော့လည်း ငြိမ်နေကြတာပါပဲ..


ကြည့်သမျှ အကုန်လုံး

အဆင်ပြေနေတယ်..အကုန်လုံးလှနေကြတယ်..ပျော်ရွှင်နေကြတယ်..ကျက်သရေမင်္ဂလာ ပြည့်စုံတယ်..ကလေး တွေလည်းချစ်စရာကောင်းပါတယ်.. အသံလေးတွေ...ကျယ်လာရင်လည်းမိဘက သတိပေးလိုက်တယ်ဆိုငြိမ်သွားကြတာပါပဲ ..


ကလေးလည်း ကလေးသဘာဝပဲလို့ နားလည်လိုက်ပါတယ်..ကိုယ် ငယ်တုန်းကလည်း ဒီလိုနေရာမှာ ကြက်ဖတောင်ခွပ်ခဲ့သေးတာပဲ..


နာရီပိုင်းလောက် လာတက်တဲ့ပွဲတစ်ခုမှာ..ကိုယ်နဲ့ မသိတဲ့သူတွေကို

ကြည့်ပြီး ကိုယ့်စိတ်ကိုယ်ကိုယ် အကုသိုလ်မပေးမိတော့တာ..တကယ်ကို လွတ်မြောက်တဲ့ ခံစားမှုပါပဲ..


တစ်ဆက်တည်းမှာပဲ Positive Energy Circle အတွင်းကိုရောက်လာတယ်ဆိုတာ..ကိုယ့်ကိုယ်ကိုယ်.. သတိထားလိုက်မိပါတယ်..အဲဒီအဝိုင်းအဝန်းထဲမှာဆိုရင် စိတ်က.. အတော်သက်သောင့်သက်သာနေဖြစ်တတ်ပါတယ်..


အဲဒီအဝိုင်းအဝန်းလေးဟာ..ကိုယ့်ကိုယ်ကိုယ်..ကာကွယ်ထားတဲ့ Energy Shield လေးလည်းဖြစ်တယ် ..သိပ်နေလို့ကောင်းပါတယ်..ဒါကြောင့် ဒီအဝိုင်းအဝန်းလေးကို တည်ဆောက်ကြည့်ပါ..

ကျွန်မလည်း အချိန်အများကြီး ကြိုးစား တည်ဆောက်ခဲ့ရပါတယ်..တည်ဆောက်နေဆဲလည်း ဖြစ်တယ်..


Oxford ဆရာတော်ကြီးပြောတဲ့

Non Judgemental Awareness ဆိုတာကို ရလာတာပဲ ဖြစ်ပါတယ်..Non Judgemental ဆိုတာက..ကောင်းချင်လည်းကောင်းမယ်..ဆိုးချင်လည်းဆိုးမယ်..ကောင်းတာနဲ့ဆိုးတာကို သတိရှိပြီးသိတယ်.. ဒါပေမဲ့

ဝေဖန်ခြင်းမရှိတဲ့ စိတ်ပါပဲ..သူ့အရှိကိုအရှိတိုင်းလက်ခံပြီး သတိရှိနေလိုက်တာဟာ..Non Judgmental Awareness ပါပဲ..တဲ့


ဒါကြောင့်..

ရာနှုန်းပြည့် မဟုတ်ပေမဲ့လို့ ရာခိုင်နှုန်း အတော်များများ အဆင်ပြေလာပါတယ်..

မင်္ဂလာဆောင်သွားရင်လည်းအဆင်ပြေတယ်.. ဆေးရုံသွားရင်လည်းအဆင်ပြေတယ် .. ကားမောင်းရင်လည်းအဆင်ပြေလာပါတယ် ..


နေရာတကာမှာ.. အရာအားလုံး ကိုယ့်စိတ်တိုင်းကျ

အဆင်ပြေနေတယ်ဆိုတာမျိူးတော့ ဘယ်ဟုတ်ပါ့မလဲ..တကယ်တော့..

အဆင်မပြေတာတွေကြားထဲမှာအဆင်ပြေအောင်နေတတ်လာဖို့ကို ကြိုးစားရမှာပါပဲ..


ကျွန်မတို့ Reiki သင်ယူတော့..

Reiki Principle ၅ချက်မှာ #ယနေ့အဖို့ဒေါသမဖြစ်အောင်နေပါမယ်

I will not be angry today.

ဆိုတာ တစ်ချက်အပါအဝင်ပဲ ဖြစ်ပါတယ်..


ကိုယ်တွေလို သာမာန်လူတွေအဖို့

ဒေါသက ဖြစ်ဖို့အကြောင်းရှိရင်တော့ ဖြစ်မှာပါပဲ..ဒါပေမဲ့ ဒေါသဖြစ်နိုင်တဲ့အကြောင်းကို ရှောင်ကျဥ်နိုင်တယ်..ဖြစ်လာရင် ဘယ်လိုနေမယ်လို့ ကြိုတွေးထားနိုင်တာက Proactive ဖြစ်တာပါပဲ..


နေ့စဥ်ဘဝမှာ

လုံးဝ မကြိုက်တဲ့အရာတွေ ရှိနိုင်ပါသေးတယ်..ဒါဆိုရင်တော့ ..

ဗြမ္မစိုရ်တရားလေးပါးထဲမှာ နောက်ဆုံးဖြစ်တဲ့ ဥပေက္ခာတရားထဲသာ ထည့်ထားလိုက်ပါ..တဲ့..


လူတွေမှာကမေတ္တာ..ဂရုဏာ..မုဒိတာ

ဥပေက္ခာ ဆိုတဲ့ ဗြမ္မစိုရ် တရားလေးပါးဟာ Foundation အခြေခံအုတ်မြစ်ပဲ ဖြစ်တယ်.. အဲဒီ တရားလေးပါးဟာ ဟန်ချက်ညီစွာ ခိုင်ခန့်မျှတမှုရှိနေပါမှ စိတ်ရဲ့ တခဏတာလွတ်မြောက်ခြင်းထက်ပိုတဲ့ သံသရာမှ လွတ်မြောက်ခြင်း Absolute Freedom ကို ရလာမှာပဲ ဖြစ်ပါတယ်..


မွန်ဟော်စီ

၂၀၂၃ March

#မနက်စာအာဟာရ

Photo

FreeStock

 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page