top of page
Search

သေးတဲ့အရာတွေဟာလည်း ကြီးလာတတ်ကြတယ်....

  • Jul 21, 2024
  • 1 min read


ကျွန်မက ခရီးတွေဘာတွေထွက်ပြီး ပြန်လာတယ်ဆိုရင် အထုပ်ပိုးလေးတွေသိမ်းဆည်းပြီးတာနဲ့ ပထမဦးဆုံးလုပ်တာက အိမ်တော်မင်္ဂလာဆိုတဲ့ အရွက်ဖားဖားနဲ့အပင်ကလေးကို ပြေးကြည့်တာပဲဖြစ်ပါတယ်။


အရွက်အသစ်ထွက်နေသေးလား။ မြေကြီးခြောက်နေသလား။ ကိုယ်သွားနေတဲ့အချိန်မှာ အိမ်ကလူတွေက သူ့ကိုကောင်းကောင်းဂရုစိုက်ထားရဲ့လားအစရှိသဖြင့် ကြည့်တာပါပဲ။ အခုတစ်ခေါက်ခရီးကပြန်လာတဲ့အချိန်မှာ အပင်လေးက အရွက်ကလေးတွေဝေဝေဆာဆာနဲ့ အရပ်ကလေးလည်းပိုပြီးမြင့်လာတာတွေ့လို့ ဝမ်းသာမိတယ်။ သူ့ကိုအိုးအသစ်ကလေးထဲ ပြောင်းထည့်ပေးလိုက်ပါတယ်။


အပင်လေးတွေကို ကြိုက်နှစ်သက်ပေမယ့် အပင်စိုက်တာတော့ သိပ်ဝါသနာပါလှတယ်မဟုတ်ပါဘူး။ဒါပေမဲ့ ဒီအပင်ကလေးကတော့ ကျွန်မအတွက် အရှင်သန်စေချင်ဆုံး အပင်လေးတစ်ပင်ပဲဖြစ်ပါတယ်။ ဒီအပင်လေးဟာ ကျွန်မအမျိုးသားလက်နဲ့ နောက်ဆုံးစိုက်ခဲ့တဲ့အပင်လေးဖြစ်လို့ပါပဲ။


ကျွန်မယောက်ျားက အိပ်ခန်းထဲမှာ Indoor Plant လေးတွေကို အိုးလှလှလေးတွေနဲ့ မကြာခဏထည့်ယူလာလေ့ရှိပါတယ်။ မကြာခဏလို့ရေးရတာက သူ အခန်းထဲယူ..ယူလာတဲ့အပင်လေးတွေဟာ ခဏခဏ သေသွားတတ်လို့ပါ။ ဒါကြောင့်

Indoor Plant လေးတွေကို မကြာခဏဝယ်ယူနေတတ်တာကြောင့်ဖြစ်ပါတယ်။


အပင်လေးတွေက ခဏခဏသေတော့ ကျွန်မလည်း သိပ်စိတ်မရှည်တော့ပါဘူး။ ဒီအပင်တွေက ဒီအခန်းကိုမကြိုက်ဘူး။ အကုန်သေကုန်ကြတာပဲ အစရှိသဖြင့် ကျွန်မသူ့ကိုပြောမိပါတယ်။ နောက်ဆုံးတစ်ခေါက် အိမ်တော်မင်္ဂလာအပင်သေးသေးလေးကိုဝယ်လာပြန်တော့ ကျွန်မက အလကားပိုက်ဆံတွေဖြုန်းတီးနေတာပဲ၊ ဒီအပင်လည်း သေဦးမှာပဲလို့ ပြောတဲ့အခါ သူက.. အေး..ဟုတ်တယ်.. ငါလုပ်တာမှန်သမျှလည်း ဘာမှအသုံးမကျဘူး။ ဒီအပင်တွေစိုက်နေလည်းအလကားပဲ.. သေမှာပဲ အစရှိသဖြင့် မကျေမနပ်ပြန်ပြောရင်း ဒီအပင်လေးကိုလည်း အခန်းထဲမှာမထားဘဲ အပြင်ထုတ်လိုက်ပါတော့တယ်။ သူစိတ်ရှုပ်ထွေးသွားရတယ်။ စိတ်မကောင်းဖြစ်သွားတယ်ဆိုတာလည်း သိလိုက်ပါတယ်။


အဲဒီအပြင်မှာလည်း အပင်လေးက နေရာမကြိုက်လို့ထင်ပါတယ်။ အရွက်ကလေးတွေခြောက်သွားလိုက်၊ ပြန်ပြီးရှင်လာလိုက်နဲ့ လိမ်ဖယ်လိမ်ဖယ်လေး အသက်ရှင်ရုံလေး ရှင်သန်နေခဲ့ပါတယ်။ ကျွန်မအမျိုးသားကတော့ နှစ်လလောက်ကြာတဲ့အခါမှာ ကွယ်လွန်ခဲ့ပါတယ်။ ကျွန်မလည်း သူ့ကျန်းမာရေးကိစ္စ အလုပ်များနေရတာနဲ့ အပင်လေးကိုလည်း ဂရုမစိုက်မိပါဘူး။


သူဆုံးပြီးနောက်ပိုင်းမှ ပိန်လှီနေတဲ့ သူ့အပင်လေးကိုကြည့်ပြီး စိတ်ထဲမှာဝမ်းနည်းမိပါတယ်။ ဘာဖြစ်လို့များဒီလိုတွေပြောခဲ့မိပါလိမ့်။ ဒီလိုနဲ့ ဒီအပင်လေးဟာ ကျွန်မဂရုစိုက်မိတဲ့အပင်လေးဖြစ်လာပါတယ်။


သိပ်မကြာခင်က မောင်လေးတစ်ယောက်ရဲ့စာတစ်ပုဒ်ဖတ်လိုက်ရတယ်။ သူက ကျွန်မတို့ငယ်စဉ်ဘဝ သို့မဟုတ် ကျွန်မတို့ပထမဦးဆုံးအကြိမ် တွေ့ကြုံလိုက်ရတဲ့ အဖြစ်အပျက်တွေ၊ ရောက်ဖူးတဲ့ နေရာတွေဟာ အမြဲတမ်းအကြီးကြီးဖြစ်နေတတ်ကြတယ်တဲ့။ ပိုပြီးခမ်းနားတယ်။ ပိုပြီးအရောင်အသွေးစုံလင်တယ်။ဒါပေမဲ့ အဲ့ဒီအရာတွေကို နောက်တစ်ခါ..အထူးသဖြင့် အသက်ကြီးမှ..ပြန်ပြီးတွေ့ကြုံရတဲ့အခါမှာ အဲဒီအရာတွေက ပထမတစ်ခါတွေ့ရတုန်းကလောက် ကြီးမနေတော့ဘူး။ ခမ်းနားမနေတော့ဘူး။ အရာရာအသားကျလာတဲ့အခါမှာ ကြီးနေတာတွေကလည်း သေးသွားတယ်ဆိုတဲ့အကြောင်းလေး ဖတ်လိုက်ရပါတယ်။


ကျွန်မတွေးမိပါတယ်။ တစ်ခါတစ်လေမှာ သေးနေတာတွေ၊ ဘာမှမဟုတ်တာတွေကလည်း ကြီးလာတတ်ကြပါတယ်။ အထူးသဖြင့် ကိုယ်တန်ဖိုးထားချစ်ခင်ရတဲ့ တစ်ယောက်ယောက်မရှိတော့တဲ့အခါ မျိုးမှာပေါ့။


သူနဲ့ပတ်သက်ခဲ့တဲ့.. ဘာမှမဟုတ်တဲ့.. အရေးမကြီးဘူးလို့ထင်ခဲ့တဲ့ ..သူ့လက်နဲ့ထိခဲ့တဲ့.. သေးငယ်တဲ့အရာလေးတွေဟာ သူမရှိတဲ့နောက်ပိုင်းမှာ အရေးကြီးတဲ့အရာတွေဖြစ်လာတယ်။ ကြီးကျယ်တဲ့အရာတွေဖြစ်လာတယ်။ ခမ်းနားတဲ့အရာတွေဖြစ်လာတယ်။


ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ ဘာမှမဟုတ်ဘူးဆိုတဲ့အကြောင်းအရာလေးတွေ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအရာလေးတွေကိုလည်း တန်ဖိုးထားပါ။ ကြိုးစားပြီးမြင်ကြည့်ပါ။ ကောင်းတဲ့ဘက်ကို ကြည့်ပေးပါ။ ဘာဖြစ်လို့လဲဆိုရင် အဲဒါလေးတွေက တစ်ချိန်မှာ ကျွန်မတို့အတွက် အရေးကြီးတဲ့အရာတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၄ July


 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page