အမြင်မတူတာတွေကိုလိုက်ပါဖြေရှင်းနေမဲ့အစား လိုက်ပါခံစားနေမဲ့အစား ကိုယ့်အလုပ်ကိုယ်လုပ်နေဖို့က အဓိကပါပဲ။
- Dec 29, 2024
- 1 min read

တကယ်တော့ သေချာစဉ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့ရဲ့နေ့စဉ်နေထိုင်တဲ့ဘဝတွေမှာ စိတ်ကိုအနှောင့်အယှက်ဖြစ်စေတဲ့အရာတွေဟာ အင်္ဂလိပ်လိုဆိုရင်တော့ Frustration လို့ ခေါ်တဲ့ စိတ်ရှုပ်ထွေးရမှုတွေပဲဖြစ်ပါတယ်။
ဒီလူကငါ့ကို ဘယ်လိုပြောလိုက်တယ်။ ဟိုလူကတော့ဘယ်လိုပြောပြန်ပြီ။ သူကတော့ငါ့ကိုဒီလိုထင်နေမှာပဲ။ ဒီတစ်ယောက်ကလည်း ဟိုလိုထင်သွားရင်တော့ ဒုက္ခပါပဲဆိုတဲ့ ကိုယ်မဟုတ်သော ပြင်ပလောက ပတ်ဝန်းကျင်ကလူတွေရဲ့ အတွေးအမြင်တွေ အပြောအဆိုတွေ ဝေဖန်သုံးသပ်ချက်တွေပေါ်မှာ မူတည်စဉ်းစားတာကနေ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။
ပြင်ပလောကပတ်ဝန်းကျင်ထဲမှာ ကိုယ့်ရဲ့အိမ်ထောင်ဖက်၊ ကိုယ့်ရဲ့မိသားစုမောင်နှမ၊ လုပ်ဖော်ကိုင်ဖက်တွေ ပါနိုင်ပါတယ်။
နောက်ဆုံး ကိုယ်မမြင်ရတဲ့သူတွေ ကိုယ်တကယ်မသိတဲ့သူတွေရဲ့ ပြုမူလှုပ်ရှားဆောင်ရွက်ချက်တွေ အတွေးအမြင်တွေပေါ်မှာပါ ဒီစိတ်ရှုပ်ထွေးမှုတွေက တည်မှီနေတတ်ပါတယ်။
အနားမှာ ဘယ်သူမှမရှိဘူးလို့ နေကြည့်ပါ။ တကယ်လက်တွေ့မှာ မဖြစ်နိုင်ပေမဲ့ ဒီတစ်လောကလုံးမှာ ကိုယ့်တစ်ယောက်တည်းရှိတယ်ဆိုတဲ့အတွေးနဲ့ နေကြည့်ပါ။ အဲဒီအခါမှာ ပတ်ဝန်းကျင်ကြောင့်ရတဲ့စိတ်ဖိစီးမှုတွေ စိတ်အနှောင့်အယှက်ဖြစ်မှုတွေဟာ လျော့ပါးသွားတာကိုတွေ့ရပါလိမ့်မယ်။
ပတ်ဝန်းကျင်မှာကျင်လည်နေရသမျှတော့ ကျွန်မတို့ဟာ လူတွေနဲ့ဆက်ဆံပတ်သက်နေရမှာပါပဲ။ ကိုယ်နဲ့တိုက်ဆိုင်တဲ့သူတွေရှိသလို ကိုယ်နဲ့လုံးဝကိုက်ညီမှုမရှိတဲ့သူတွေလည်း အများကြီးရှိနိုင်တယ်။
ပတ်ဝန်းကျင်ဆိုတာ လူကြိုက်များတဲ့စံနှုန်းတွေ သတ်မှတ်သွတ်သွင်းထားတဲ့ သေတ္တာကြီးတစ်လုံးလိုပါပဲ။ အဲဒီစံထဲဝင်ရင် သင့်ကို လူတွေက အားပေးကြလိမ့်မယ်။ အဲဒီစံထဲ မဝင်ဘူးဆိုရင် ကန်ထုတ်ပစ်လိုက်ကြလိမ့်မယ်။
သူတို့ရဲ့ပါးစပ်ထဲမှာ ကိုယ်ဟာပုံစံအမျိုးစုံဖြစ်နေလိမ့်မယ်။ ကိုယ်တောင်မှမသိတဲ့ ကိုယ့်ရဲ့ဘဝရဲ့ပုံရိပ်တွေကို သူတို့ကဖန်တီး ပြောဆိုနေကြလိမ့်မယ်။ ကြိုက်တဲ့သူကကြိုက်သလိုပြောမယ်။ မုန်းတဲ့သူကမုန်းသလိုပြောမယ်။
ပတ်ဝန်းကျင်ဆိုတာက ကိုယ့်ကိုအားကျတဲ့သူရှိသလို ကိုယ်ဘာလုပ်လုပ် မုန်းနေတဲ့သူလည်းရှိနိုင်တယ်။ တချို့က ကိုယ့်ကိုလေးစားလောက်စရာလူတစ်ယောက်လို့ထင်လိမ့်မယ်။ တချို့ရဲ့အမြင်မှာတော့ ကိုယ်ဟာလုံးဝ နှစ်ပြားမတန်တဲ့သူမျိုး ဖြစ်နေလိမ့်မယ်။
အမြင်ချင်း ခံယူချက်ချင်းမှမတူညီကြတာကိုး။ ကိုယ်ကကောင်းတာတစ်ခုလုပ်ပေးလိုက်ပေမဲ့ တချို့က ကျေးဇူးတင်တတ်ကြတယ်။ တချို့ကတော့ အပိုတွေလုပ်ပြနေပါတယ်ဆိုပြီး အမြင်တောင်ကပ်နေကြဦးမယ်။
ငါအကောင်းဆုံးလုပ်ပေးတာပဲဆိုပြီး လူတကာရဲ့ကြိုက်နှစ်သက်မှု၊ လက်ခံအားပေးမှုကိုရအောင် ဘယ်တော့မှမကြိုးစားပါနဲ့။
သင်ဟာ ကမ္ဘာပေါ်မှာ အချိုဆုံး၊ အမွှေးဆုံး၊ အရည်အရွှမ်းဆုံး၊ အလှပဆုံး၊ အကောင်းဆုံးဆိုတဲ့ ပန်းသီးတစ်လုံး ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
ဒါပေမဲ့ ပန်းသီးမကြိုက်တဲ့လူတွေဟာလည်း ဒီကမ္ဘာမှာ ရှိနေသေးတာပဲ။
သူတို့တွေဘယ်လိုပဲပြောနေပြောနေ ကိုယ့်ရဲ့ ပုံရိပ်စစ်ပုံရိပ်မှန်တစ်ခုကို ကိုယ်တိုင်သာ သိနေပါ။ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ရပ်တည်ချက်၊ ယုံကြည်ချက်ကို ကိုယ်တိုင်သိဖို့သာလိုအပ်ပါတယ်။
သေချာတာတစ်ခုကတော့ လူတွေအကုန်လုံးကို ကိုယ့်ကြောင့် ကျေနပ်သွားအောင် ဘယ်လိုမှလုပ်မပေးနိုင်ဘူးဆိုတာပါပဲ။
ကိုယ့်အတွက်ပဲကိုယ်သေချာအောင်လုပ်ပါ။
ကိုယ်လည်း ကိုယ့်ဘဝနဲ့ကိုယ်ရှင်သန်နေရတာပါပဲ။ သူတို့လည်းသူတို့ဘဝနဲ့သူတို့ရုန်းကန်နေရတာပါပဲ။ အားလုံးဟာအတူတူချည်းပါပဲ။
အဓိကက ကိုယ်လုပ်နေတဲ့အလုပ်ဟာ ကိုယ်အပါအဝင် ဘယ်သူ့ကိုမှအနှောက်ယှက်မပေးဘူး။ မမှားဘူးလို့ယုံကြည်တယ်ဆိုရင် ဆက်လုပ်ဖို့ပါပဲ။
ကိုယ့်ရဲ့ပင်ကိုယ်သဘာဝဖြစ်တည်မှုနဲ့ ယုံကြည်ချက်ကို ဘယ်သူ့ကြောင့်မှ အထိခိုက်မခံဘဲ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်ဖို့၊ သွားစရာရှိတဲ့လမ်းကို ဆက်လျှောက်ဖို့ပါပဲ။
အမြင်မတူတာတွေကိုလိုက်ပါဖြေရှင်းနေမဲ့အစား လိုက်ပါခံစားနေမဲ့အစား ကိုယ့်အလုပ်ကိုယ်လုပ်နေဖို့က အဓိကပါပဲ။
မွန်ဟော်စီ
၂၀၂၀