top of page
Search

အမျိုးသမီးတစ်ယောက်ကို တွေ့ဖူးပါတယ်။ အင်မတန်တည်ကြည်တဲ့လူပါပဲ။

  • Dec 29, 2024
  • 1 min read

ပတ်ဝန်းကျင်မှာလည်း လူရိုသေ ရှင်ရိုသေနေနိုင်တဲ့သူပါ။ ဒါပေမယ့် သူ့ဘေးမှာရှိတဲ့အမျိုးသားကတော့ ဒီအမျိုးသမီးရဲ့စရိုက်လက္ခဏာ ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး အမြဲတမ်းထိုးနှက်တိုက်ခိုက်စွပ်စွဲနေတာပါ။ နေရင်းထိုင်ရင်းဒီအမျိုးသမီးအနားမှာရှိတဲ့ယောက်ျားမှန်သမျှနဲ့ စွပ်စွဲသမုတ်နေတတ်တာမျိုးပါ။


ကိုယ့်ရဲ့ဂုဏ်သိက္ခာပိုင်းနဲ့ အကျင့် စာရိတ္တပိုင်းကို တစ်ချိန်လုံးစော်ကားနေတဲ့လူတစ်ယောက်ဆီက ခွာမထွက်နိုင်တာ၊ သူ့ရဲ့ ဝဋ်ကြွေးလို့ပြောရမှာပဲဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီလိုလူနဲ့ဒီလိုပြောခံရဖို့ အကြောင်းတွေပါလာခဲ့တယ်နဲ့တူပါတယ်။ လူတစ်ယောက်က သူမလုပ်တာတစ်ခုအတွက် စွပ်စွဲပြောဆိုခံရတယ်ဆိုရင် ဒါဟာ သူ့ရဲ့အတိတ်ကံကြွေးတွေကို ပြန်ပေးဆပ်နေရတာဖြစ်နိုင်ပါတယ်။


နှစ်ယောက်စလုံး အတော်အကုသိုလ်ကြီးလိုက်တာပါလားလို့ပဲတွေးမိပါတယ်။ ဘယ်သူကမှလည်း မပျော်ကြရဘူး။ မပျော်လို့ ခွဲခွါကြမယ်ဆိုတော့လည်း မခွဲခွာနိုင်ကြပြန်ဘူး။ အဲဒီအခါမှာနာကျင်မှုတွေနဲ့ အထပ်ထပ်ရစ်ပတ်ရင်း တစ်ယောက်ကလည်း အကြွေးဆပ်နေရတာဖြစ်သလို နောက်တစ်ယောက်ကလည်း အကြွေးအသစ်ကို ယူနေတာပဲလို့ စိတ်မှာဖြစ်မိပါတယ်။


အကြွေးဆပ်နေရတဲ့သူက ခံနေရတဲ့အချိန်မှာ သူ့စိတ်ကိုမထားတတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရ မနောကံနဲ့ အကုသိုလ်တွေဆက်ပြီး ကျူးလွန်နေမိတယ်။ ဒေါသနဲ့လောင်မြိုက်နေတယ်။ လက်တုံ့ပြန်ဖို့ တေးထားတယ်ဆိုရင်လည်း သူ့အတွက်က အကြွေးအသစ်ပြန်ယူသလိုဖြစ်ရပြန်တာပါ။


လောကဓံဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ အမြဲလှည့်ပတ်နေတဲ့ သဘာဝတရားတစ်ခုပါ။ လူတိုင်းဟာ အပြန်အလှန်တုံ့ပြန်မှုတွေနဲ့ ပြည့်နေတဲ့ဘဝထဲမှာ ရှင်သန်နေရတတ်ပါတယ်။ တစ်ဖက်မှာ ပြုလုပ်သူရှိလိုက်တာနဲ့ တစ်ဖက်မှာ ခံရသူဆိုတာပေါ်လာတတ်ပါတယ်။


အတိတ်ကံကြွေးအဟောင်းတွေ၊ ထပ်ပြီးပြုလုပ်လိုက်မိတဲ့ ဝဋ်ကြွေးအသစ်တွေဟာ သက်ရှိတိုင်းရဲ့ ဘဝစီးဆင်းမှုတွေမှာ ပေါင်းစပ်နေကြတတ်ပါတယ်။


ဘဝမှာ နေရင်းထိုင်ရင်း သူ့ဘာသူနေတဲ့သူကို လုံးဝကြည့်လို့မရဘဲ မုန်းနေတာမျိုးရှိတယ်မဟုတ်လား။ သံသရာမှာ မတော်ဖူးတဲ့ဆွေမျိုးမရှိတာကြောင့် လူတွေဟာ ပုံစံမျိုးစုံနဲ့ ဆုံတွေ့လာကြတယ်။ ချစ်ခြင်းနဲ့ဆုံတွေ့ကြတယ်။ မုန်းခြင်းနဲ့ဆုံတွေ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အကျိုးပြုဖို့ အထောက်အပံ့ပေးဖို့ဆုံတွေ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက် နာကျင်စေဖို့ ဆုံတွေ့ကြတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဆုံတွေ့တယ်ဆိုတာအကြောင်းမရှိဘဲ မတွေ့ပါဘူး။


အကြောင်းတွေကဖန်လာပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဆုံတွေ့ရတဲ့သူတွေနဲ့ပတ်သက်ရင် ပြောမိလုပ်မိလိုက်တဲ့ အပြောအဆိုတွေ၊ အပြုအမူတွေဟာ ကံရဲ့အကြောင်းတရားတွေဖြစ်သွားတတ်တယ်။ ဒီနေရာမှာ တစ်ပါးသူရဲ့အတိတ်ကံကြွေးတွေကို ကိုယ့်ဝဋ်ကြွေးအသစ်အဖြစ် သယ်ဆောင်လိုက်မိတာမျိုး မဖြစ်စေအောင် သတိထားဖို့ အရေးကြီးပါတယ်။


တစ်ဖက်လူကို နစ်နာအောင်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ ကိုယ့်ဘဝမှာ နောက်တစ်ချိန် ပြန်လည်ဖြစ်ပေါ်လာဖို့ ကံအကြောင်းတရားတစ်ခု ဖြစ်လာတတ်ပါတယ်။ သံသရာဝဋ်ကြွေးဆိုတာအတိုးအရင်းနဲ့ပေါင်းပြီးဆက်ရတဲ့အခါ အင်မတန်နစ်နာရတာမျိုးဖြစ်ပါတယ်။


မေတ္တာကိုအခြေခံပြီး ဖြစ်ပေါ်လာတဲ့ရေစက်ကြောင့် တွေ့ရတယ်ဆိုရင် ဘဝတွေမှာ တိုးတက်မှု အေးငြိမ်းမှုတွေရသလောက် အမုန်းတွေအငြိုးတွေကို အခြေခံပြီးဖြစ်လာတဲ့ရေစက်တွေနဲ့တွေ့ဆုံရတဲ့အခါ အင်မတန်နာကျင်ရပါတယ်။ အကုသိုလ်တွေဖြစ်ရပါတယ်။ ဒါကြောင့် အင်မတန်သတိထားရပါတယ်။


တစ်ခါတစ်ရံ ကိုယ်နဲ့မဆိုင်ဘဲသူများအပြစ်တွေကို ဝေဖန်ပြစ်တင်လိုက်မိတဲ့အခါ ကိုယ့်ဘဝထဲမှာ ဝဋ်ကြွေးအသစ်တွေကို ဖန်တီးလိုက်တာနဲ့တူတူပါပဲ။ ကိုယ်နဲ့လုံးဝမသိတဲ့သူကတောင် ကိုယ့်ကို အကုသိုလ်စိတ်ဖြစ်ဖို့လွယ်လွယ်ကူကူလေး နှိုးဆွပေးနိုင်တယ်။


စိတ်မှာ အကုသိုလ်ဖြစ်ဖို့ လမ်းစတွေပေါ်လာတဲ့အခါ သတိလေးကပ်ပြီး ဒါဟာ စာမေးပွဲစစ်နေတာပဲလို့နားလည်လိုက်ပါ။ အဲဒီစာမေးပွဲကို ဘယ်လိုဖြေမလဲ။ အောင်အောင်ဖြေမလား။ ကျအောင်ဖြေမလားဆိုတာက ကိုယ့်အပေါ်မှာမူတည်ပါတယ်။ သံသရာမလည်စေတဲ့ အဖြေကို ဖြေနိုင်ဖို့အရေးကြီးပါတယ်။


မွန်ဟော်စီ

၂၀၂၄

 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page